မတ် ၈ ငဖဲ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် သာယာကုန်းကျေးရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ပြည်သူ - ကျေးလက် - ယူနီဆက်တို့ပူးပေါင်း၍ အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သာယာကုန်းကျေးရွာသည် အိမ်ခြေ ၂၇၀ အိမ်၊ လူဦးရေ ၉၉၈ ဦးခန့်ရှိကာ ယခင်ကကျေးရွာတွင် အဝီစိစက်ရေတွင်း မရှိသည့်အတွက် ကျေးရွာနေပြည်သူများ နှစ်စဉ်သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ၍ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာနှစ်တွင် ပြည်သူ - ကျေးလက် - ယူနီဆက်တို့ ပူးပေါင်းပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာ ပံ့ပိုးကူညီခြင်း၊ ယူနီဆက်အဖွဲ့မှ ငွေကျပ် ၄၀ ဒသမ ၅ သန်း တန်ဖိုးရှိ ဆိုလာရေမြှုပ်ပန့် ၂ လုံး ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ၊ ရေပိုက်များ ထည့်ဝင်လှူဒါန်းပေးခြင်း၊ ကျေးရွာပြည်သူလူထုက ငွေကျပ် ၈ ဒသမ ၉၄ သန်း ထည့်ဝင်လှူဒါန်းခြင်းတို့ဖြင့် အကျယ် ၆ ပေရှိ လက်တူးတွင်းတူးဖော်ခြင်း၊ ဆိုလာပြားများတပ်ဆင်ရန် အုတ်ဖိနပ်ခုံနှင့် အောက်ခံဖရိန်တန်းပြုလုပ်ခြင်း၊ Chain Link ကာရံခြင်း၊ ရေမီတာနှင့် ပိုက်ဆက်ပစ္စည်းများ ဝယ်ယူခြင်းတို့ကို ဆောင်ရွက်ကာ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်း သာယာကုန်းကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိရေးအတွက် ပြည်သူ - ကျေးလက် - ယူနီဆက်တို့ ပူးပေါင်းပြီး ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်က ဆောင်ရွက်ထားရှိပြီး ယခုဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာ ၄ ရွာတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်ထံမှ သိရသည်။
သူရိန်(မင်းဘူး)