ငဖဲ  ၉  စက်တင်ဘာ  

 

မင်းဘူးခရိုင်၊ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် မီးဘေးလုံခြုံရေး သိရှိနိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးရေး၊ မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေး ဇာတ်လမ်းတိုပြသခြင်းကို ယနေ့နံနက် ၁၀နာရီခွဲက ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်း က လူကုန်ကူးခံရသည့်အကြောင်းရင်းများနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးရည်ရွယ်ချက်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး    ဦးထွန်းထွန်းအောင်က မီးဘေး အန္တရာယ်သည် လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးဆိုးတစ်ခုဖြစ်၍ ကြိုတင်သတိထားသုံးစွဲရန်နှင့် မိမိနေအိမ်တွင်မီးဘေးအန္တရာယ် ကင်းဝေးစေရန်လိုက်နာရမည့် အချက်များကို အသိပညာပေးပြောကြားသည်။

 

ဆက်လက်၍ မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မီးဘေးလုံခြုံရေးအတွက် အိမ်တိုင်းမီးသတ် ဆေးဗူးထားရှိစေရေးနှင့် မီးသတ်ဆေးဗူးအသုံးပြုတတ်စေရေးသိရှိစေရန် အသိပညာပေး ဇာတ်လမ်းတို ရေခဲလူသား ဗွီဒီယိုဇာတ်လမ်းအား ကျောင်းသားကျောင်းသူများအား ပြသပေးခဲ့သည်။

 

ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံးမှ ပြသထားသော သုတ၊ ရသစာအုပ်များ၊ နိုင်ငံတော်အစိုးရ၏ လှုပ်ရှား ဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

မယု(ငဖဲ)