ငဖဲ ၁၂ စက်တင်ဘာ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲ တတ်စေရန်အတွက် လူထုပူးပေါင်း ပါဝင်သော အလုံးစုံသန့်ရှင်းရေး စီမံချက် ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက စည်ပင်ကွက်သစ်ဓမ္မာရုံ ၌ ကျင်းပသည်။
ရှေးဦးစွာ တက်ရောက်လာသော ပြည်သူများအား မိမိတို့နေထိုင်ရာ ရပ်ကွက်၊ လမ်း၊ နေရာ၊ အိမ်သာ နေရာများကို အကွက်ချထားရှိစေပြီး မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ဝေဝေ၊ ဒေါ်စိုးမူယာသက်နှင့် ဒေါ်နွယ်နီလင်းတို့က ပြည်သူများ ကျန်းမာရေးနှင့်အညီ နေထိုင်တတ်စေရန်၊ ယင်လုံအိမ်သာ စနစ်တကျ သုံးစွဲတတ်စေရန်နှင့် ယင်လုံအိမ်သာ စံနှုန်းပြည့်မီရေး သိကောင်းစရာများကို သရုပ်ပြ၍ အသိပညာပေး ဟောပြောသည်။
အဆိုပါ လူထုပူးပေါင်း ပါဝင်သော အလုံးစုံသန့်ရှင်းရေး စီမံချက်ဟောပြောပွဲသို့ ရပ်ကွက်အတွင်းရှိ ပြည်သူ (၆၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


