ငဖဲ ၊ ၂၁ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ချင်းစု၊ ကျင်းသီပေါ်နှင့် ပန်းထိမ်းကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မူလခွင့်ပြုရန်ပုံငွေကျပ် ၄၉ ဒသမ ၆၁၉ သန်း အသုံးပြု၍ ကျေးလက်ကုန်ထုတ်လမ်း ၃ လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ယခုလိုမျိုး ကုန်ထုတ်လမ်းတွေ အဆင့်မြှင့်တင် ဖောက်လုပ်ပေးနေတာဆိုရင် စိုက်ပျိုးရေးတောင်သူတွေ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ။ ယခင်က ကုန်ထုတ်လမ်းတွေ မရှိတဲ့အခါမှာ စိုက်ပျိုးတဲ့သီးနှံတွေကို စျေးကွက်ကို တင်ပို့ရောင်းချတဲ့အခါမှာ ကုန်ကျစရိတ် များပြားပါတယ်။ အဲဒါကြောင့် ကျေးလက်ကုန်ထုတ်လမ်းတွေ အဆင့်မြှင့်တင် ဖောက်လုပ်ပေးနေတာပါ။ ကုန်ထုတ်လမ်းတွေ ရှိလာတဲ့အတွက်ကြောင့် ထွက်ကုန်သီးနှံတွေကို စျေးကွက်ကို အချိန်ကုန်သက်သာစွာ ရာသီမရွေး တင်ပို့ရောင်းချလို့ရပါတယ် ဟု ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ရှင်းပြသည်။

 

ယခုနှစ်တွင် ချင်းစုကျေးရွာတွင် အရှည် ၄ ဒသမ ၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ် Box Culvert ၂ စင်းတည်ဆောက်ခြင်း၊  ကျင်းသီပေါ်ကျေးရွာတွင် အရှည် ၇ ဒသမ ၁ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်း၊ ပန်းထိမ်းကျေးရွာတွင် အရှည် ၁ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု တစ်ပေကိုးလက်မရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ် Box Culvert ၂ စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သော ဘုန်းမြတ်ကျော်ကုမ္ပဏီမှ ယခုနှစ် နိုင်၀င်ဘာ ၂၃ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါကုန်ထုတ်လမ်း ၃ လမ်း ဆောင်ရွက်ပြီးပါက ချင်းစု၊ ကျင်းသီပေါ်နှင့် ပန်းထိမ်းကျေးရွာတို့အနီးရှိ လယ်ယာဧက ၂၀၀၀ ကျော်က ထွက်ရှိသော ထွက်ကုန်သီးနှံများအား စျေးကွက်သို့ ရာသီမရွေး အချိန်ကုန်သက်သာစွာ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း ငဖဲမြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)