ငဖဲမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းဆောင်ရွက်

၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးအထွက်နှုန်းများ သိရှိနိုင်ရန်အတွက် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၂ ရက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ငဖဲမြို့ မြို့မရပ်ကွက် တောင်သူ ဦးမောင်စိုး၏ ကွင်းအမှတ် ၁၀၂၂၊ ဦးပိုင်အမှတ်-၁၉/၁ ဆင်းသုခ မိုးစပါးစိုက်ခင်းတွင် (ဝ.၁၀)ဧကနှင့် တောင်သူ ဦးဝင်းမြင့်၏ ဦးပိုင်အမှတ်-၃၇ ဧရာမင်းတစ်ဧက စံကွက်ကြီးတို့တွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

“စံကွက်ရိတ်သိမ်းရာမှာ ဦးမောင်စိုးရဲ့ (ဝ.၁၀)ဧကစံကွက်မှ ဆင်းသုခစပါး (၁၃)တင်းထွက်ရှိပြီး ကျွန်တော့်ရဲ့ တစ်ဧက စံကွက်က ဧရာမင်းစပါး (၈၁)တင်း ထွက်ရှိပါတယ်။ အထွက်နှုန်းက အားရစရာပါ၊ အခုလို စံကွက်ရိတ်သိမ်းပွဲကို တက်ရောက် အားပေးကြတဲ့အတွက် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ပါတယ်၊ တောင်သူများအနေနဲ့ ရိတ်သိမ်းခြွေလှေ့စက်တွေကို ဒီထက်ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုဘို့လည်း လိုအပ်ပါတယ်”ဟု တောင်သူ ဦးဝင်းမြင့်က ပြောသည်။

 

စံကွက်ရိတ်သိမ်းပွဲသို့ ငဖဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ ခရိုင်စိုက်ပျိုးရေးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းအောင်နှင့် ဝန်ထမ်းများ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

 

သန်းနိုင်ဦး(ငဖဲ)