ငဖဲ  ၂၉  ဧပြီ

           

မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အိုးမြေတွင်းကျေးရွာမန်းချောင်းတွင် မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၄)၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၀၀ ဖြင့် မြတ်ဘုန်းယံ ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သည့် မန်းချောင်းရေတိုက်စားမှုကာကွယ်ရေး လုပ်ငန်းအဖြစ် ရေကာတာတည်ဆောက်ခြင်းလုပ်ငန်းကို   ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ဆောင်ရွက်ခဲ့ရာ ယနေ့အထိလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း လုပ်ငန်းခွင်ကြီးကြပ်ရေးမှူး ဦးနိုင်ဝင်းအောင် ထံမှ သိရသည်။

         

အဆိုပါလုပ်ငန်းသည် ငဖဲမြို့နှင့်အိုးမြေတွင်းကျေးရွာကြား မန်းချောင်းဘေးတွင်တည် ရှိပြီး Steel Basket အခြေပြုကျောက်စီကမ်းထိန်းတမံ အလျားပေ ၃၉၀ နှင့် Steel Basket ရေကာ ပေ  (၆၀) ၃ ခု ဖြစ်ကာ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြစ်ပြီး လုပ်ငန်းပြီးစီးမည့်ကာလမှာ မေလ ၃၀ ရက်နေ့ အထိဖြစ်သည်။

         

အိုးမြေတွင်းကျေးရွာမန်းချောင်းသည် ရေပြင်ကျယ်ပြီး မိုးရာသီကာလ ရေများတစ်ဟုန်ထိုး စီးဆင်းမှုကြောင့် ကမ်းပြိုခြင်း၊ တံတာချဉ်းကပ်လမ်း ပျက်စီးခြင်းများဖြစ်ပွား၍ ယခု ၂၀၂၀ပြည့်နှစ်တွင် မန်းချောင်း ရေကာတာတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)