ငဖဲ  ၂၀  ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူထားသော ကျွဲ၊ နွား တိရစ္ဆာန်များ ရောဂါကင်းဝေးစေရန်နှင့် နည်းစနစ်မှန်ကန်စွာ ကာကွယ်ဆေးထိုးတတ်စေရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်း၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် မင်းဘူးခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးက ကာကွယ်ဆေး၏ သဘောသဘာဝ၊ ကာကွယ်ဆေးများအား စနစ်တကျ ထိန်းသိမ်းထားသိုနည်းနှင့် မွေးမြူထားသည့်တိရစ္ဆာန်များ သားပေါက်နှုန်း ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူကြရန် အမှာစကားပြောကြားပြီး ငဖဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဗျတ်နောလ်ထန် က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ ကျေးရွာများမှ တိရစ္ဆာန် ကျန်းမာရေး အကူလုပ်သား ၂၀ တက်ရောက်ကြပြီး ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သော ဒေါင့်သန်းရောဂါ၊ လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ခွာနာလျှာနာရောဂါများအတွက် ကာကွယ်ဆေးထိုးနည်းများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဗျတ်နောလ်ထန် နှင့်ဒုတိယဦးစီးမှူး (၃)ဦးတို့က ဇန်နဝါရီလ ၂၄ ရက်နေ့ထိ ၅ ရက်ကြာ စာတွေ့ လက်တေွ့ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)