ငဖဲ ၁ ဇွန်
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့ပေါ်ရှိ မြို့မဈေးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဧပြီ ၁၄ ရက်မှစ၍ ယာယီပိတ်သိမ်းထားခဲ့ရာ မေ ၂၈ ရက်မှစ၍ ဈေးကြီးအပြင်ဘက် ကုန်ခြောက်ဆိုင်နှင့် ဈေးဆိုင်ခန်းများအား ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု ခဲ့ကြောင်း သိရသည်။
ငဖဲမြို့မဈေး ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ကော်မတီဝင်များက နှာခေါင်းစည်းများ တပ်ဆင်၍ စည်းကမ်းတကျ ရောင်းဝယ်မှု ပြုလုပ်ကြရန် အသိပညာပေးပြောကြားထားပြီး ဈေးကြီးအပြင်ဘက်ရှိ ကုန်ခြောက်ဆိုင်၊ ဆေးဆိုင် စသည့် ဆိုင်ခန်း ၁၉ ခန်းကို ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည်။
ငဖဲမြို့မဈေးအား ပိတ်သိမ်းထားသည့်အတွက် မြို့နယ်အားကစားကွင်းအတွင်း ယာယီပျံကျဈေးကို ဖွင့်လှစ်ရောင်းချခဲ့ရာ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြို့မဈေးအပြင်ဘက် ဈေးဆိုင်ခန်းများကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပေးခြင်းဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ အသားငါးများကို ယာယီပျံကျဈေးတွင် ရောင်းချစေခြင်းဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


