ငပလီ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ငပလီမြို့တွင် အခြေခံပညာကျောင်းများအားလုံးကို နိုဝင်ဘာလ(၁) ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဆရာ ၊ ဆရာမများနှင့် ကျောင်းသား/သူများက ပျော်ရွှင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ နှစ်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ(၁) ရက်နေ့မှစ၍ ဖွင့်လှစ် သင်ကြားပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်းမြင့်မားလာသည့်အတွက် ဇူလိုင်လ(၁) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့ထိ ကျောင်းများကို ခေတ္တယာယီပိတ်ထားခဲ့ပြီး ယခုအခါ နိုဝင်ဘာလ(၁) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခင်က ကျောင်းမအပ်နှံရသည့် ကျောင်းသား / သူများကိုလည်း ကျောင်းအပ်နှံနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးလျက်ရှိပြီး ကျောင်းသား/သူများ ရာခိုင်နှုန်းပြည့် တက်ရောက်ပညာသင်ယူနေလျက်ရှိ ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်းများရှိ စာသင်ချိန်များကို ကျောင်းတက်ချိန်ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားပေးကာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ သင်ကြား ၊ သင်ယူလျက်ရှိပြီး ငပလီမြို့တွင် အခြေခံပညာအထက် တန်းကျောင်း (၂) ကျောင်း ၊ အထက(ခွဲ) (၁) ကျောင်း ၊ အလယ်တန်းကျောင်း (၂) ကျောင်း ၊ မူလတန်းလွန်(၂) ကျောင်း ၊ မူလတန်းကျောင်း (၇)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်းရှိကြောင်းသိရသည်။
ရန်ငြိမ်း ၊ (ငပလီ ၊ ပြန်/ဆက်)


