နတ်မောက် ၈ အောက်တိုဘာ
နတ်မောက်မြို့နယ်၊ စိုင်းကောင်းကျေးရွာ အရှေ့ဘက် (၂)ဖာလုံခန့်အကွာရှိ နတ်မောက်- ပျော်ဘွယ် ကားလမ်းမဘေး၌ ငါးပုံးများတင်လာသည့် မှန်လုံယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ပေ(၇၀)အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုတစ်ခု အောက်တိုဘာ ၇ ရက်၊ နေ့လယ် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း နတ်မောက်မြို့နယ်ရဲစခန်း က သိရသည်။
ရန်ကုန်မှ တောင်တွင်းကြီးမြို့သို့ လာရောက်သည့် မြရတနာအမည်ရှိ မှန်လုံယာဉ်သည် နတ်မောက်မြို့နယ်၊ စိုင်းကောင်းကျေးရွာအနီး မိုင်တိုင်အမှတ် (၄၃ - ၄/၅)အကြား ကုန်းအတက်တွင် လေပေါင်ကျပြီး ဘရိတ်ဖမ်းမရဖြစ်ကာ လမ်းယာဘက်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်ပေါ်တွင် ငါးခြောက်နှင့် ငါးပုံးများ တင်ဆောင်လာပြီး တောင်တွင်းကြီးမြို့နေထိုင်သူ ယာဉ်မောင်း ကျော်နိုင်ဦးတွင် ယာဘက်လက်မောင်း ပေါက်ပြဲဒဏ်ရာ (၃)ချက်(မစိုးရိမ်ရ)၊ ယာယာဉ်နောက်လိုက် အောင်နိုင်ဦးတွင် ယာပါးပွန်းပဲ့ဒဏ်ရာ၊ နားထင်သွေးထွက်၊ ရင်ဘတ်ပွန်းပဲ့ ဒဏ်ရာ၊ ယာဒူးခေါင်းပေါင်း ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)အခြေအနေများ ဖြစ်ပွားခဲ့သည်။
နေ့လယ်(၁)နာရီဝန်းကျင်တွင် ဒဏ်ရာရသူများအား နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေများ ရှိလာသောကြောင့် နေ့လယ်(၃)နာရီအချိန်ခန့်၌ မကွေးတိုင်းဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်းရဲတပ်ဖွဲ့က သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ပင်ပေါက်မြို့နယ်၊ တက်မတောင်ပေါ်၌ ပေါက်-ပခုက္ကူ ပြေးဆွဲနေသော ယာဉ်တစ်စီးတိမ်းမှောက်ကာ လူနှစ်ဦးသေဆုံးသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ က သိရသည်။
ဇေယျတု( မကွေး)