ငပုတော  ၂၃  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ရှိ သင်္ဘောများဆိုက်ကပ်ရပ်နားသည့် ဈေးတံတားမှာ ကြံ့ခိုင်မှုအားနည်း၍ ပြန်လည်ပြုပြင်မည် ဖြစ်သောကြောင့် သင်္ဘောများဆိုက်ကပ်ခြင်းနှင့် ခရီးသည်များ အဆင်းအတက် ပြုလုပ်နိုင်ရန် အတွက် ယခုလ ၁၅ ရက်နေ့မှစတင်ကာ မြို့မတံတားအား ပြောင်းလဲအသုံးပြုထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်ထံမှ သိရသည်။

 

“ဒီတံတားဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မိုးရာသီရေကျသွားတဲ့အချိန်မှာ တံတားတိုင်ယက်မတွေ ဆွေးမြည့် ကွာကျပြီး ကြံ့ခိုင်မှုအားနည်းနေတာကို တွေ့ရှိခဲ့တယ်၊ အဲလိုတွေ့ရှိခဲ့တာကို ပြင်ဆင်နိုင်ဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှာ ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံခဲ့တယ်၊ ဖြည့်စွက်ရန်ပုံငွေလည်း ရရှိပြီဖြစ်တာကြောင့် ပြင်ဆင်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပါတယ်၊ တံတားက ကြံ့ခိုင်မှုအားနည်းနေတော့ ဇူလိုင် ၁၅ ရက် ကစပြီး သင်္ဘောတွေကို မြို့မတံတားမှာ ပြောင်းလဲအသုံးပြု ဆိုက်ကပ်စေခဲ့ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဈေးတံတားကို တစ်လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်က ပြောသည်။

 

သင်္ဘောများဆိုက်ကပ်ချိန်တွင် ခရီးသည်များ၊ ဈေးရောင်းသူများနှင့် စည်ကားလေ့ရှိပြီး ပုသိမ်မြို့မှတစ်ဆင့် ဟိုင်းကြီးကျွန်း၊ ပြင်ခရိုင်၊ သက္ကယ်သောင်၊ သင်္ကန်းကုန်း၊ လပွတ္တလုပ်၊ ဝက်ကော် အစရှိသည့် သင်္ဘောဆိပ်ကမ်း များသို့ ခုတ်မောင်းပြေးဆွဲရာတွင် ငပုတောမြို့ ဈေးတံတားဆိပ်ကမ်းသည် သင်္ဘောများ ဆိုက်ကပ်ရပ်နားရာတွင် အဓိကအရေးပါသော ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)