ငပုတော ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ငပုတောမြို့ ကမ်းနားလမ်းအနီး ယုဇနလမ်းမကြီးပေါ်တွင် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ငပုတောမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ကြီးတစ်ခု အပါအဝင် ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များ၊ အဆိုတော်များဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ်ပြီး စတုဒီသာမဏ္ဍပ်များတွင် အချိုရည်များ၊ မုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်းတို့ကို ပြည်သူများ စိတ်လွတ်လပ်ပေါ့ပါးစွာ ပါဝင်ဆင်နွှဲ နိုင်ရေး အထူးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငပုတောမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းထားရှိပြီးဖြစ်ကာ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ ဆောက်လုပ်နေပြီဖြစ်ပြီး ပွဲတော်သို့ မည်သူမဆို အေးချမ်းပျော်ရွှင်လွတ်လပ်စွာ လာရောက် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)


