ငပုတော၊ ၉ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကံကွင်းကျေးရွာ၌ ဂါလံ (၁၃၇၀၀)ဆံ့ ရေစုကန်တည်ဆောက်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်နေမှုအား ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပုသိမ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်အောင်၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းနှင့် ဝန်ထမ်းများက ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ ကံကွင်းကျေးရွာ Ferrocement Tank ဂါလံ (၁၃၇၀၀)ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မှီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ဂါလံ (၁၃၇၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၁၂ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၁၂၂)အိမ်၊ လူဦးရေ (၅၃၅)ဦးတို့၏ သောက်သုံးရေရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


