ငပုတော နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ကြိုတင်ပြင်ဆင်မှုများ ဆောက်ရွက်ထားရှိပြီး မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အ.မ.က ကျောင်း (၅)ကျောင်းနှင့် အ.လ.က(ခွဲ) ရွှေမြကွင်းကျောင်းတို့အား နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကြိုတင်ပြင်ဆင်၍ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ သိရသည်။
ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ကျောင်းတက်သည့်အခါမှာ ကလေးများ အဆင်သင့် ကျောင်းတက် ပညာသင်ယူနိုင်စေဖို့အတွက် ကျောင်းဝင်း၊ ကျောင်းပြင် သန့်ရှင်းရေးနှင့် စာသင်ခန်းများအတွင်း ထိုင်ခုံများ အဆင်သင့် ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်နှင့် ကွန်ပျူတာခန်း၊ သိပ္ပံခန်းတို့ကိုလည်း သန့်ရှင်းရေးများ ပြုလုပ်ထားပြီး ကျောင်းတက်သည့်အခါ လူစုလူဝေးမဖြစ်ပေါ်စေဖို့၊ စနစ်တကျ လက်ဆေးကြောနိုင်ဖို့၊ လက်ဆေးကန်များနှင့် လက်သန့်ဆေးရည်များကို စီစဉ်ထားပြီး ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေဖို့၊ အားကစားပြုလုပ်နိုင်ဖို့ အားကစားခန်းမတို့ကိုလည်း အဆင်သင့် ပြုလုပ်ထားရှိပြီး ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူး ဦးစောဟင်နရီထံမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရောဂါကင်းဝေးစွာ ပညာသင်ယူနိုင်ရန် မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၁၁၄၇၂ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နုနုအေး (ပြန်/ဆက်)


