ငပုတော ၁၂ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာကြံ့ခိုင်သော ကျောင်းသားလူငယ်များ ဖြစ်လာစေရေးအတွက် ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိစဉ့်အိုးဖို(အောက်)အ.မ.ကကျောင်းနှင့် ဘုံကျော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်ပုံနည်းစနစ်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် လက်ဆေးနည်းများနှင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်အတွက် လိုက်နာကျင့်သုံးရမည့် ကျန်းမာရေးအသိပညာ ဗဟုသုတများ၊ သွားတိုက်ပုံ သွားတိုက်နည်းများကို အသိပညာပေးဟောပြောခဲ့ပြီး သွားတိုက်တံများကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေး၍ သွားနှုတ်ပေးခြင်း၊ သံဓာတ်အားနည်းရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အရေပြားရောဂါနှင့် အထွေထွေကျန်းမာရေးများကို စစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးအတွက် လိုအပ်မည့် ဆေးဝါးကိုလည်း သောက်သုံးရန် အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


