ငပုတော၊ ၂၂ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ရှင်းလင်းအသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၁ နာရီခွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများအပါအဝင် သင်တန်းသား ၄၀ တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက "ကလေး သူငယ်အခွင့်အရေးများနှင့် နစ်နာဆုံးရှုံးမှုများ နိုင်ငံတကာနှင့် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေကြောင်း၊ ကလေးသူငယ်များအားဥပဒေများနှင့်အညီဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြစေလိုကြောင်း၊ အရွယ်ရောက်ပြီးသူများ အနေဖြင့်လည်းကလေးသူငယ်များအားဝိုင်းဝန်းကာကွယ် ကူညီစောင့်ရှောက်ရန်လိုကြောင်း" အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိက ကလေးသူငယ်ဥပဒေများအား ရှင်းလင်းပို့ချခဲ့ပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှဝင်းက ကလေး သူငယ်များ၏အခွင့်အရေး၄ရပ်အားဆက်လက်ပို့ချခဲ့သည်။
အဆိုပါကလေးသူငယ်အခွင့်အရေးများဥပဒေကို၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အသစ်ပြန်လည် ပြဋ္ဌာန်းခဲ့ပြီးအခန်း၃၀နှင့်ပုဒ်မ၁၂၁ခုရှိကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


