ဂျေရုဆလင် ၂၅ ဩဂုတ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည်၎င်း၏ ငါးရက်ကြာ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်ကို စတင်ရန် အစ္စရေးနိုင်ငံသို့ ယမန်နေ့က ဆိုက်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ မိုက်ပွန်ပီယိုသည် အစ္စရေးနှင့် ယူအေအီးနိုင်ငံအကြား ဆက်ဆံရေး ပုံမှန်ဖြစ်စေရေးနှင့် အခြားအာရပ် နိုင်ငံအကြား ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ရည်ရွယ်လျက် ၎င်း၏ ငါးရက်ကြာ အရှေ့အလယ်ပိုင်းဒေသခရီးစဉ် ကို စတင်ခဲ့ခြင်းဖြစ်သည်။ ။
သွားရောက်လည်ပတ်မည်
အမေရိကန်အလံ၏ အရောင်ဖြင့် ချုပ်လုပ်ထားသည့် နှာခေါင်းစည်းကို ဝတ်ဆင်ထားသော မိုက်ပွန်ပီယိုသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန် ယာဟုကို ပထမဦးစွာ တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထို့အပြင် မိုက်ပွန် ပီယိုသည် လာမည့်နေ့များတွင် ဆူဒန်၊ ဘာရိန်းနှင့် ယူအေအီး နိုင်ငံတို့ကိုလည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။
အမေရိကန်၏ အနီးကပ်မဟာမိတ် နိုင်ငံဖြစ်သည့် အစ္စရေးနိုင်ငံသည် အစဉ်အလာအားဖြင့် အစ္စရေးနိုင်ငံ အပေါ် ရန်လိုနေကြသည့် ဒေသဆိုင်ရာ အခြားနိုင်ငံအများအပြားနှင့် မကြာမီဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေနိုင်တော့မည်ဟု မျှော်လင့်လျက်ရှိသည်။
ပွန်ပီယိုနှင့် နေတန်ယာဟုသည် ဂျေရုစလင်မြို့၌ တွေ့ဆုံဆွေးနွေးစဉ် အီရန်၏ ဩဇာလွှမ်းမိုးမှုနှင့် ဆက်စပ်သည့်ဒေသဆိုင်ရာ လုံခြုံရေးကိစ္စများ၊ ဒေသတွင်း အစ္စရေးနိုင်ငံနှင့် ဆက်ဆံရေးတည်ထောင်ပြီး ယင်းဆက်ဆံရေးအား ခိုင်မာတောင့်တင်းစေရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ထို့အပြင် မိုက်ပွန်ပီယိုသည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီ အာ့ရှ်ကယ်နာဇီနှင့် ကာကွယ်ရေးဝန်ကြီး ဘင်နီဂန့်ဇ်တို့ကိုလည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ မိုက်ပွန်ပီယိုသည် အခြားနိုင်ငံများနှင့် မိမိတို့ ပြုလုပ်လျက်ရှိသော ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း နေတန်ယာဟုက ကနဦးပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ