မန္တလေး ဒီဇင်ဘာ ၁
ဒီဇင်ဘာလ ငါးရှဉ့်ဖမ်းသည့်ရာသီတွင် ငါးရှဉ့်ပုံးများ အော်ဒါမှာယူမှုများသဖြင့် အဆက်မပြတ် ပြုလုပ်ရောင်းချနေရကြောင်း မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အိုင်ကြီးကျေးရွာရှိ ငါးရှဉ့်ပုံး ပြုလုပ်ရောင်းချသူ တစ်ဦးထံမှ သိရသည်။
ငါးရှဉ့်ပုံးများကို တင်းဝါးဖြင့်ပြုလုပ်ရပြီး တင်းဝါးတစ်လုံးလျှင် ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ အထိ ပေးရသည်။ ဝါးလုံးတစ်လုံးလျှင် ငါးရှဉ့်ပုံး ၂၄ ပုံးခန့် ပြုလုပ်နိုင်သည်။ ငါးရှဉ့်ပုံးပြုလုပ်ရာတွင် ဝါးကိုခွဲ၍ နှီးဖြာနှီးထိုးခြင်း အဆင့်ဆင့် ပြုလုပ်ရပြီး နှီးဖြာသူတစ်ဦး၊ နှီးထိုးသူတစ်ဦး ပြုလုပ်ပါက တစ်ရက်လျှင် ၂၄ ပုံးအထိ ပြီးစီးကာ တစ်ပုံးလျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချရသည်။
ငါးရှဉ့်ပုံးဝယ်ယူသူများမှာ အနည်းဆုံး ပုံး ၅၀ မှ ၁၀၀ အထိဝယ်ယူကြပြီး ရေအတိမ်အနက်ပေါ် မူတည်ကာ ငါးရှဉ့်ပုံး အတိုအရှည်ကို သီးသန့်မှာယူကြသည်။ ငါးရှဉ့်ပုံးများကို ဆောင်းတွင်းကာလ ငါးရှဉ့်ဖမ်း ရာသီတွင် မှာယူသူများပြားသည်။ ရေနက်ပိုင်းတွင် ထောင်သည့် ငါးရှဉ့်ပုံးများသည် အရှည် နှစ်တောင်နီးပါးရှိပြီး ရေတိမ်ပိုင်းအတွက်မူ ပုံးအရှည် တစ်တောင့်ထွာခန့်သာ ပြုလုပ်ရသည်။ ငါးရှဉ့်ပုံးများကို စည်းကမ်းတကျထားရှိပါက နှစ်ရာသီအထိ အသုံးပြုနိုင်ကြောင်း သိရသည်။
တိမ်တမန်


