ရန်ကုန်၊  ၂  ဖေဖော်ဝါရီ

ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ခဲဓာတ်ပါဝင်မှုကို သတိပြုရန် လိုအပ်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။

“ခဲဓာတ်ပါဝင်မှုက မြေဩဇာတွေမှာ၊ မြေကြီးထဲမှာလည်း ရှိနေတတ်ပါတယ်။ ဒါတွေကို တောင်သူတွေ အနေနဲ့ သိရှိထားဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ ထုတ်လုပ်ရာမှာ လည်း ခဲဓာတ်ပါဝင်မှု များလား နည်းလား၊ တောင်သူတွေ မသိနိုင်ပါဘူး”ဟု အရှေ့မြောက်တံခါး ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးစိုးမိုးဂျူလှိုင်က ပြောပြသည်။

ခဲဓာတ်ပါဝင်မှု မြင့်မားနိုင်စေသော အကြောင်းအရင်းများအနေဖြင့် မြေကြီးအတွင်း ခဲဓာတ်များနေခြင်း၊ စိုက်ပျိုးရေးသုံးဆေးများ သုံးစွဲမှုလွန်ကဲခြင်း၊ သုံးရေများတွင် ခဲဓာတ်ပါဝင်မှု များနေခြင်း၊ ခဲဓာတ်ပါသော ရေပိုက်များကို တပ်ဆင်သုံးစွဲခြင်း၊ တာရှည်ခံဆေးများကို အသုံးပြုခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးနှင့် ဓာတ်မြေဩဇာများ သုံးစွဲရာတွင် ခဲဓာတ်ပါဝင်မှုများသည့် ဆေးများကို အသုံးပြုကြခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။

“သတ္တုဓာတ်တွေက သဘာဝအလျောက် မြေဆီလွှာအတွင်း တည်ရှိလျက်ရှိပါတယ်။ စက်မှုလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ခဲဓာတ်ကို တူးယူအသုံးပြုနေကြတာက နှစ်များစွာကြာရှည်ခဲ့ပြီ။ သတ္တုဓာတ် များစွာရှိတဲ့အနက် တချို့သတ္တုဓာတ်တွေက လူသားတွေကို သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက် စနစ်နဲ့ဖြစ်စေ အကျိုးပြုလုပ်ငန်းစေတာမျိုးလည်း ရှိပါတယ်”ဟု ဦးစိုးမိုးဂျူလှိုင်က ဆက်လက် ပြောပြသည်။

ခဲဓာတ်၊ ပြဒါးဓာတ်၊ ကတ်ဒမီယမ်၊ ခရိုမီယံ၊ ငွေ၊ အာဆင်းနစ်ဓာတ် တို့သည် လူတို့၏ ခန္ဓာကိုယ် အတွင်း ပမာဏအများအပြားရောက်ရှိပါကမူ ကျန်းမာရေးကို ထိခိုက်စေတတ်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်