ငရုတ်ကောင်း၊ စက်တင်ဘာ ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်၈နာရီက အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ငရုတ်ကောင်းနယ်မြေရဲစခန်းရှိ ရဲဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ရပ်ကွက်တွင်းရှိ အသက်(၁၀)နှစ်ပြည့်မှစ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်ခြင်းများအား ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါပန်းခင်းစီမံချက်အရ ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများတွင် နေထိုင်သည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ထောင်စုလူဦးရေစာရင်းများ ရေးသွင်းခြင်းလုပ်ငန်းများပါ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

 

ပြုံးမောင်မောင်(ငရုတ်ကောင်း)