ငရုတ်သီးဈေးနှုန်းများ မြင့်တက်နေသော်လည်း စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် တွက်ခြေမကိုက်

နိုဝင်ဘာ ၁၆

 

ငရုတ်သီးဈေးနှုန်းများ မြင့်တက်နေသော်လည်း စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် တွက်ခြေမကိုက်ကြောင်း ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်နေသူများက ပြောသည်။

 

"ငရုတ်သီးအစိမ်းဈေး တစ်ပိဿာ ၁၅၀၀ ကျပ်အထက် ရနေတယ်ဆိုတာ ဈေးတက်နေတဲ့သဘောပေါ့။ ဒါပေမယ့်လည်း ဒီနှစ်ရဲ့ သွင်းအားစုစရိတ်နဲ့က မကိုက်ပါဘူး။ အရင်းတင် တစ်ပိဿာကို ၁၂၀၀ လောက် ကုန်ကျလို့ပါ။ ဒါ့ကြောင့် ငရုတ်သီးအမှည့်အစို တစ်ပိဿာကို ၁၅၀၀/၁၈၀၀ ကျပ်လောက် ရမှသာ ကိုက်မှာပါ။ မြေဩဇာဈေးက နှစ်ဆလောက်တက်ခဲ့တာကိုး"ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချနေသူ ကိုမြင့်ထွန်းဦးက ပြောသည်။

 

ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ငရုတ်သီး အမှည့်အစိုများကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ရာ ယခုနှစ်တွင် အရည်အသွေးမပြည့်မီခြင်း၊ အထွက်နှုန်း ကျဆင်းခြင်းတို့ကြောင့် တင်ပို့မှု အားနည်းနေကြောင်း သိရသည်။

 

"မကွေးတိုင်းအနီးတစ်ဝိုက် ဒေသတွေရယ်၊ ပုပ္ပါးနဲ့ ကျောက်ပန်းတောင်း စတဲ့ ဒေသတွေရယ်၊ ဧရာဝတီတိုင်းက တစ်ချို့ဒေသတွေရယ်မှာ စိုက်ပျိုးထားတဲ့ ငရုတ်ခင်းတွေ မိုးရေချိန်များတာကြောင့် အရည်အသွေးကျဆင်းမှုရှိတယ်။ အဲ့ဒါကြောင့်လည်း ငရုတ်သီးအစိမ်းဈေးတက်တာပေါ့။ ငရုတ်သီးအမှည့် အစိုဈေးကွက်ကတော့ ပြည်ပတင်ပို့မှု ရပ်ထားသလောက်ကို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဒီနှစ် မိုးများခဲ့တဲ့အတွက်ကြောင့်မို့ ငရုတ်ခင်းတွေ အပျက်အစီးများပြီး အရည်အသွေး မထိန်းနိုင်ခဲ့တာကြောင့်ပါ"ဟု ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။

 

လက်ရှိတွင် ငရုတ်သီးအစိမ်း လက်ကားဈေး တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ ငရုတ်သီးအမှည့်အစို လက်ကားဈေး တစ်ပိဿာလျှင် ၁၂၀၀/၁၃၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကား နေကြသည်။

 

နန်းထက်ထက်ချစ်