မန္တလေး မေ ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်ဒေသဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ငရုတ်သီးနှံကို ကျောက်ဆည် မြို့နယ်တွင် ၁၀၃ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ဧက ၇၆၀ စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ငရုတ်သီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး လေးလခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ သာမို၊ ဒီမွန်၊အက်စတာ၊ ၆၉၂၊ ကျားခေါင်း ငရုတ်မျိုးများကို စိုက်ပျိုးကြပြီး ၆၉၂ ငရုတ်မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ငရုတ်သီးခြောက်(အညှာပါ) ပိဿာချိန် ၄၀၀-၄၃၀ ခန့်ထွက်ရှိပြီး တောင်သူများက ကျောက်ဆည်မြို့ရှိ ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ ငရုတ်သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများအမြတ် ရရှိကြောင်း သိရသည်။
သတင်းရင်းမြစ်- စီးပွား/ကူးသန်း