မကွေး ၁၅ ဇူလိုင်
ငါးများ ဥချသားပေါက်သည့် ကာလတွင် ငါးဖမ်းဆီးမှုများမရှိစေရန် သတိပေး တားမြစ်မှုများ လုပ်ဆောင်ခဲ့သော်လည်း မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၄)ခု၌ ငါးခိုးဖမ်းသည့် ဖြစ်စဉ် (၁၅)ခုကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူ ၊ စေတုတ္တရာ ၊ ပခုက္ကူ ၊ မကွေး စသည့်မြို့နယ်(၄)ခုအတွင်း၌ ငါးခိုးဖမ်းမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ခိုးယူ ဖမ်းဆီးရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာမျိုးစုံ(၃၅)ခုကို စစ်ဆေးရေးအဖွဲ့က သိမ်းဆည်းရမိခဲ့ သည်။
“ငါးဖမ်းသူတွေက အစုအဖွဲ့နဲ့ ဘက်ထရီရှော့တိုက်ပြီး ညဘက် ဖမ်းတာများတယ်။ သွားဖမ်းတဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအရ ရဲတပ်ဖွဲ့လိုပါတယ်။ ဖမ်းတဲ့အခါ နေ့လယ်မှ ရဲနဲ့သွားဖမ်းရတယ်။ ဖမ်းဖို့လာတာ မြင်တော့ ထွက်ပြေးတယ်။ မြစ်ထဲမှာချထားတဲ့ ကိရိယာတွေကိုပဲ ဖြုတ်သိမ်းရတယ်။ လူမတွေ့ဘူး။ ရှိရင်လည်း ထွက်ပြေးတာပေါ့ ” ဟု တိုင်းဦးစီးမှူး ဦးမြင့်ရွှေက ဖမ်းဆီးရေး လုပ်ဆောင်ရသည့် အခြေအနေကို ရှင်းပြသည်။
စီမံချက်များဖြင့် ဖမ်းဆီးရေးလုပ်ဆောင်ရာတွင် သတင်းပေါက်ကြားမှုများလည်း ရှိနေကြောင်း ၊ အလွယ်တကူ ငါးဖမ်းနည်းဖြစ်သည့် ဘထ္ထရီတစ်လုံး ၊ ရှော့တိုက်တံ နှစ်ချောင်း သုံးကာ တစ်နိုင်ငံလုံးတွင် ငါးရှော့တိုက် ဖမ်းဆီးနေမှုများရှိနေပြီး ထိန်းသိမ်းရခက်နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ငါးသားပေါက်သည့် ငါးရစ်ငါးသန်ကာလဖြစ်သည့် မေ၊ဇွန်၊ဇူလိုင် (၃)လအတွင်း ဆွဲပိုက်၊တန်းပိုက်၊ ဘက်ထရီ ရှော့တိုက်နှင့် ဓာတုဆေးချ၍ ငါးဖမ်းခြင်းများမပြုရန် သတိပေး ကြော်ငြာဆိုင်းဘုတ်များ ထောင်သော်လည်း လိုက်နာမှုမရှိသည့် ဖြစ်စဉ်များ ရှိနေဆဲဖြစ်သည်။
လှေပေါ်မှနေ၍ ငါးရှော့တိုက်ဖမ်းဆီးကြရာတွင် ငါးဖမ်းသူ ဓာတ်လိုက်သေဆုံးသည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့ဖူး ကြောင်း ၊ ငါးခိုးဖမ်းသူများကို ဖမ်းဆီးမိလျှင် ဥပဒေကြောင်းအရ ထောင်ဒဏ် ၃ နှစ်ထိ ချနိုင် ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
ဇေယျတု(မကွေး)


