ငါးသိုင်းချောင်း ၁၁ မေ

 

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ကာလအတွင်း စည်ပင်သာယာမြို့မဈေး၊ အောင်ဆန်းရပ်ကွက်ဈေးနှင့် ပြည်သူ့ အားကစားကွင်းအတွင်း ဖွင့်လှစ်ထားရှိသည့် ယာယီပျံကျဈေးတွင် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း စနစ်တကျ ဈေးဝယ်ယူ/ရောင်းချမှု ရှိစေရေး လိုက်လံစစ်ဆေးခြင်းနှင့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း (mask)များ အခမဲ့ ဝေငှပေးခြင်း အစီအစဉ်များကို‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

1032

 

အဆိုပါ အစီအစဉ်ကို ငါးသိုင်းချောင်းမြို့ စည်ပင်သာယာဈေးများနှင့် ယာယီပျံကျဈေးတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်စစ်ဆေးဆောင်ရွက်‌ ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်း သတ်မှတ်ထားသည့်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရေး စစ်ဆေးခြင်း၊ နှာခေါင်းစည်း (mask)များ တပ်ဆင်ရောင်းဝယ်ရေးအတွက် လှည့်လည် စစ်‌ဆေးအရေးယူ ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်းလိုအပ်သည့် ဈေး‌ရောင်းဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း (mask)များ အခမဲ့ ဝေငှပေးခြင်း အစီအစဉ်များကို နေ့စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ‌နှာခေါင်းစည်း(mask)များ‌နေ့စဉ်ဝေငှနိုင်ရေးအတွက် အော်ဒါချုပ် (mask)များ အသင့်စုဆောင်းထားရှိပါကြောင်း၊ ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများ တွင်လည်း အခြားသောအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က ပြောသည်။

 

စိုးမင်းဦး(ပြန်/ဆက်)

 

3328