ငါးသိုင်းချောင်း မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက် ငဝန်မြစ်ကမ်းပါးဘေး ပိုက်သောင်ကူးတို့ဆိပ်အနီး၌ မေ ၂၇ ရက် နံနက်ပိုင်းက ငဝန်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းဘေးရှိ ကမ်းပြိုအန္တရာယ် ကျရောက်နိုင်သည့် နေအိမ် ၁၇ လုံးအား အချိန်မီ ဖြိုဖျက်ပြောင်းရွှေ့ ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ပြောင်းရွှေ့ရာတွင် ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်း၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၊ နယ်မြေမီးသတ်စခန်း သဘာဝဘေး ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက ကွင်းဆင်း၍ ကမ်းပြိုဘေးသင့်နေအိမ် ၁၇ လုံးအား အချိန်မီ ဖြိုဖျက်ပြောင်းရွှေ့ပေးခြင်း၊ ပြောင်းရွှေ့အိမ်ထောင်စု ၁၇ စုအား ဘေးလွတ်ရာ ငဝန်ရပ်ကွက်၊ ကျွန်းဦးတာကြီးတန်းလမ်း၊ ဘောလုံးကွင်း မြေကွက်လပ်သို့ ယာယီပြောင်းရွှေ့နေရာချထားပေးခြင်း များ ကွင်းဆင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း၊ နေအိမ်ဖြိုဖျက် ပြောင်းရွှေ့ရသည့် အိမ် ၁၇ လုံး၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁၇၀၀၀၀ဝ ကျပ်ခန့် ဖြစ်ကြောင်းနှင့် ကမ်းပြိုအန္တရာယ်ကို ဆက်လက်သတိထား စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)