ငါးသိုင်းချောင်း၊  ၂၁  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၌ ဗေဒါကုန်ကြမ်းများမှ လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းကို ကိုဗစ်-၁၉ ရောဂါကာလအတွင်း အရောင်းအဝယ်အေးသော်လည်း ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

ငါးသိုင်းချောင်းမြို့၌ ဝါးဦးထုပ်နှင့် ဝါးလူသုံးကုန်လက်မှုပစ္စည်းထုတ်လုပ်မှုကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်ကပင် ထုတ်လုပ်လာခဲ့ရာ ဒေသထွက်ကုန်တစ်ခုအဖြစ် ပြည်တွင်းလက်မှုပစ္စည်းဈေးကွက်၌ တွင်ကျယ်စွာ ရောင်းချလာနိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိအခြေအနေတွင် ဝါးနှင့် ဗေဒါကုန်ကြမ်းများမှ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်လာနိုင်ခဲ့ပြီး ယခုနှစ်တွင် ဝါးရေနွေးအိုး၊ ရေနွေးခွက်၊ ဗန်း၊ ဗေဒါပန်းချီကား၊ လက်ကိုင်အိတ်၊ လူသုံးကုန်ပစ္စည်းများ အစရှိသည့် ကုန်ပစ္စည်းအမယ်သစ်များကို တီထွင်ထုတ်လုပ်လျက်ရှိသည်။

 

လတ်တလောအခြေအနေတွင် ကိုဗစ်ကာလ ဈေးကွက်အခက်အခဲများကြောင့် အရောင်းအဝယ်ဈေးကွက် တွင်ကျယ်မှုမရှိသော်လည်း လုပ်သားများ ပုံမှန်ဝင်ငွေရရှိစေရန်နှင့် ကုန်ပစ္စည်းအမယ်သစ်များ ထုတ်လုပ်နိုင်ရန် လုပ်ငန်းလည်ပတ်နေရကြောင်း ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက်ရှိ အောင်(မိသားစု) ကြိမ်၊ ဝါး၊ ဗေဒါလက်မှုလုပ်ငန်းပိုင်ရှင် ဦးအောင်လွင်က ပြောသည်။

 

ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက်ရှိ အောင်(မိသားစု) ကြိမ်၊ ဝါး၊ ဗေဒါလက်မှုလုပ်ငန်းတွင် ကြိမ်၊ ဝါး၊ ဗေဒါလက်မှုပစ္စည်းထုတ်ကုန် အမျိုး (၆၀)ခန့်ထုတ်လုပ်လျက်ရှိပြီး ယခုနှစ်တွင် ဝါးရေနွေးအိုး၊ ရေနွေးခွက်၊ သောက်ရေခွက်၊ လင်ပန်းနှင့် ဗေဒါပန်းချီကား၊ လက်ကိုင်အိတ်အမျိုးမျိုး စသည့်ထုတ်ကုန်အသစ်များကို ဖန်တီးထုတ်လုပ်လျက်ရှိသည်။

 

အဆိုပါထုတ်ကုန်အသစ်များကို လတ်တလောဈေးကွက်၌ ဖြန့်ဖြူးနိုင်ခြင်းမရှိသေးဘဲ ကိုဗစ်ကာလအလွန် ဈေးကွက် ပြန်လည်ကောင်းမွန်လာချိန်တွင် သုံးစွဲသူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဖြန့်ဖြူးရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ ကြိမ်၊ ဝါး၊ ဗေဒါဖြင့် လက်မှုလူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ လက်မှုပညာရပ်များ၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို စိတ်ပါဝင်စားသူမည်သူမဆို အောင်(မိသားစု) ကြိမ်၊ ဝါး၊ ဗေဒါလက်မှု ထုတ်ကုန်လုပ်ငန်းမှ အခမဲ့သင်တန်းများပေးခြင်း၊ လက်မှုပညာရပ်များ မျှဝေခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)