ငါးသိုင်းချောင်း ၁၅ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့ ငဝန်ရေကာတာ ဗောဓိရေကင်းစခန်းအနီး၊ တာမိုင်(၄၆) တွင် ရေဘေးကြိုတင်ကာကွယ်ရေးနှင့် တာတမံထိန်းသိမ်းနည်း သရုပ်ပြပွဲကျင်းပရာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမော်က ရေကာတာရေယိုစိမ့်ပေါက်အား ရေခွေ ကတုတ်ရိုက် ထိန်းသိမ်းနည်း၊ တာအိတာလျှောပြင်ဆင်ထိန်းသိမ်းနည်း၊ မြစ်ရေကြီးမြင့်စဉ် သဲအိတ်ဆင့် ကာကွယ် ထိန်းသိမ်းနည်း နှင့် မြေသားရေကာတာ တာခြေထောက်ထိန်းသိမ်းခြင်းများကို လက်တွေ့ရှင်းလင်း သရုပ်ပြဆောင်ရွက်ခဲ့ပြီး ရေကာတာထိန်းသိမ်းနည်း အသိပညာပေးလက်ကမ်းစာစောင်များ၊ (mask)နှာခေါင်းစည်းများ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။

 

ရေကြည်မြို့နယ်အတွင်းရှိ ငဝန်ရေကာတာ၊ တာအရှည်(၂၂)မိုင်၌ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင်း တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဗောဓိကုန်းပန်းတာ(အရံတာ)နှင့် တာဂွပန်းတာ(အရံတာ)တွင် မြေသားတာခြေထောက်ခြင်း၊ တာထိပ်မြှင့်တင်ခြင်း လုပ်ငန်းများယခုနှစ်မိုးရာသီမတိုင်မီ ပြုပြင်ပြီးစီးခဲ့ကြောင်း၊ ရေဘေးကြိုတင်ကာကွယ်ရေးအတွက်ရေစီးရေလာကောင်းမွန်ရေး၊ တာတမံထိန်းသိမ်းပြုပြင်ခြင်းနှင့် ချောင်းကော၊ မြောင်းကောတူးဖော်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ငဝန်မြစ်ရေစိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာပါက ဌာနရေကင်းများ၊ အရပ်ဘက်ရေကင်းများ ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေးနှင့် တာတမံထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဝင်းမော်က ပြောကြားထားကြောင်း သိရသည်။

 

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ရေကြည်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ကံညွန့်၊ မြို့နယ်၊ မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ရှာဖွေကယ်ဆယ်‌ရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)