ငါးသိုင်းချောင်း ၅ အောက်တိုဘာ

           

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

           

လူထုအခြေပြုဗဟိုဌာန ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ၊ ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

             

ရှေးဦးစွာ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်ရှေ့မျက်နှာစာတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်မြင့်၊ ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် အဆောက်အဦ အလှူရှင် NANO TO GIGA STEEL Co.LTD မှ ဒေါ်ခင်ဝင်းတို့က အဆောက်အအုံသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

1

           

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့်အဖွဲ့သည် လူထုအခြေပြုဗဟိုဌာနရှိ ပြတိုက်ငယ်၊ ကွန်ပျူတာသင်တန်းခန်းမနှင့် စာကြည့်တိုက်များကို လှည့်လည်ကြည့်ရှုကြပြီး၊ စာကြည့်တိုက်သို့ လာရောက်ကြသည့်လူငယ်များအား စာအုပ်/စာစောင်များကို လည်းကောင်း၊ ကလေး စာဖတ်ခန်းသို့ လာရောက်ကြသည့် ကလေးငယ်များအား ကလေးကစား စရာအရုပ်များကို လည်းကောင်း ပေးအပ်ကြသည်။

 

1

 

ဆက်လက်၍ လူထုအခြေပြုဗဟိုဌာနဖွင့်ပွဲ အခမ်းအနား(ဒုတိယပိုင်း) အစီအစဉ်ကို ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းစာများထုတ်ဝေခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းတို့ဖြင့် အစိုးရအဖွဲ့၏ လုပ်ဆောင်နေသည့် လုပ်ငန်းများကို အများပြည်သူသိရှိနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် စာကြည့်တိုက်များကို မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ဆောင်ရွက်နေခြင်းသည် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ ယခုအခါ အများပြည်သူနှင့်အပြန်အလှန် ဆက်ဆံသည့် အနေအထားမျိုးဖြစ်အောင် လူထုအခြေပြု ဗဟိုဌာနများအဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်နေပါကြောင်း။

 

1

 

Community Centre များတွင် တစ်ဦးချင်း သာရေး၊ နာရေးအထိ ဆက်သွယ်ပြောဆို ဆောင်ရွက်နိုင်ရန်၊ ရပ်ရွာကိစ္စများ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာ အမျိူးမျိူးတို့ကို ဆွေးနွေးတိုင်ပင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတကာတွင်လည်း Community Centre များ ဆောင်ရွက်နေသကဲ့သို့ မိမိတို့ မြို့တိုင်း၊ ရွာတိုင်းတွင်လည်း Community Centreများ ရှိသင့်သည်ဟု ယုံကြည်ချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် တိုင်းပြည်၏ အရေးကိစ္စများ၌ ပြည်သူများ ပါဝင်ဆွေးနွေးနိုင်ရန် လိုအပ်ရာ ပြည်သူများ ပါဝင်ဆွေးနွေးတိုင်ပင်သည့် နေရာများဖြစ်လာစေရန်နှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထ ထွန်းကားလာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း၊ ထို့ပြင် အနယ်နယ် အရပ်ရပ်တွင် ပြည်သူစကားဝိုင်း (Public Talk)များ စီစဉ်ကျင်းပလျက်ရှိရာ ယခုအခါ အရေအတွက်အားဖြင့် နှစ်ထောင်ကျော်ပြီ ဖြစ်ပါကြောင်း။

 

1

 

အများပြည်သူပါဝင်ပြီး ပီပြင်သည့် စကားဝိုင်းများဖြစ်လာအောင် ဝိုင်းဝန်းဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ Community Centre များတွင် ကလေးစာဖတ်ခန်းများ ထည့်သွင်းထားပြီး ကလေးငယ်များ စာဖတ်ဝါသနာပါအောင် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံသားများ စာဖတ်သည့်အလေ့အထ ထွန်းကားစေရန်၊ အသိပညာပြည့်ဝေစေရန်နှင့် ပျံ့ပွားစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့ပြင် ပြတိုက်ငယ်များလည်း ထည့်သွင်းဆောင်ရွက်ထားရှိရာ တန်ဖိုးထားအပ်သည့် အရာများကို စုဆောင်းထိန်းသိမ်းပြီး ခင်းကျင်းပြသသည့် အလေ့အထရရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ငါးသိုင်းချောင်းမြို့ Community Centre ဖြစ်မြောက်ရေးအတွက် အဆောက်အဦနှင့် ဆက်စပ် ပစ္စည်းများ ဝိုင်းဝန်းလှူဒါန်း ပေးကြသူများအားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်းနှင့် ရေရှည် တည်တံနိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း ပြောကြားသည်။

           

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ငါးသိုင်းချောင်းမြို့တွင် Community Centre ဖွင့်လှစ်နိုင်ခြင်းသည် သုတဘဏ်တိုက်တစ်ခု (သို့မဟုတ်) လှပသည့် ပန်းဉယျာဉ်တစ်ခု ပေါ်ထွန်းလာခြင်းဖြစ်သည်ဟု ပြောလိုပါကြောင်း။

           

နိုင်ငံတော်အစိုးရအနေဖြင့် “ပြည်သူနှင့်အတူ” ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးကို အစဉ်ရှေးရှု ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ယခုကဲ့သို့ လူထုအခြေပြုဗဟိုဌာန ပေါ်ထွန်းလာစေရန်အတွက် တတ်အားသရွေ့ ထည့်ဝင် လှူဒါန်းမှုအပြင် ဒေသခံ ကုမ္ပဏီ(၂)ခုကိုလည်း ပါဝင်လှူဒါန်းနိုင်ရန် ဆက်သွယ်ဆောင်ရွက်ပေးခဲ့ပါကြောင်း။

           

 

ထို့ကြောင့် အစိုးရနှင့်ပြည်သူ ဟန်ချက်ညီညီဖြင့် ပြည်သူအကျိုး လက်တွဲဆောင်ရွက်နိုင်သည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက် ဖြစ်ထွန်းလာစေရန်အတွက် အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း၊ ယမန်နှစ်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကလေးစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် စီစဉ်ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း နိုဝင်ဘာလမှစ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၆ မြို့နယ်လုံးတွင် ကလေးစာပေပွဲတော်များကို စည်စည်ကားကားဖြစ်အောင် စီစဉ်ကျင်းပသွားမှာဖြစ်ပါကြောင်း၊ ကလေးများ စာပေကိုတစ်သက်တာ၊ စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုလာစေရန်၊ ပြည်သူများစာပေဖတ်ရှုမှု ပိုမိုအားကောင်းလာပြီး အသိဉာဏ်ပညာများ ပိုမိုတိုးပွားလာကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ငါးသိုင်းချောင်းမြို့တွင် ထူးထူးခြားခြား ဖြစ်ပေါ်လာသည့် Community Centre ကို အကျိုးရှိရှိအသုံးပြုခြင်းဖြင့် မိမိအကျိုး၊ ရပ်ရွာဒေသအကျိုး၊ တိုင်းဒေသကြီးအကျိုးနှင့် နိုင်ငံအကျိုးကို ဖော်ဆောင်နိုင်သည့် သားကောင်း သမီးရတနာများ ပေါ်ထွန်းလာနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

           

ထို့နောက်အလှူရှင်များ ကိုယ်စား NANO TO GIGA STEEL Co.LTD မှ ဒါရိုက်တာ ဦးအောင်ဇော်ဦးက ငါးသိုင်းချောင်းမြို့၊ လူထုအခြေပြု ဗဟိုဌာနအတွက် နှစ်ထပ်အဆောက်အအုံတစ်လုံး လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

1

           

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဆောက်အအုံ အလှူရှင်နှင့် ကလေးစာဖတ်ခန်းအတွက် အလှူရှင်တို့အားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အဲယားကွန်း၊ ကွန်ပျူတာနှင့် ပရိဘောဂ အလှူရှင်များအားလည်းကောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

 

ထို့နောက် ငါးသိုင်းချောင်းမြို့မှ မြို့မိ/ မြို့ဖ ဦးအောင်စိုးမြင့်က လူထုအခြေပြုဌာနအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် အလှူရှင်များ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဒေသခံ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

1

           

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး/စာကြည့်တိုက်ကို လူထုအခြေပြုဗဟိုဌာန အဖြစ် အဆင့်မြှင့်တင်ရာတွင် မူလအဆောက်အဦကို နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ်(၅၃၉၅၃၀ဝ/−) ဖြင့် ပြင်ဆင်ခဲ့ပြီးနောက် ရုံးဝင်းအတွင်းရှိမြေလွတ်နေရာတွင် NANO TO GIGA STEEL Co.LTD မှ ငွေကျပ်(၃၆၁၁၈၀ဝ၀/−)တန်ဖိုးရှိ နှစ်ထပ်အဆောက်အဦတစ်လုံးကို လည်းကောင်း၊ ကလေးစာဖတ်ခန်းအတွက် စာအုပ်/စာစောင်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် အဲယားကွန်း(၂)လုံး၊ စုစုပေါင်း တန်ဖိုး ငွေကျပ်(၂၅၀ဝ၀ဝ၀/−) ကို ရန်ကုန်မြို့ရှိ မြန်မာ့ကြယ်စင်လင်း ပုံနှိပ်လုပ်ငန်းမှ ဦးစိုးဉာဏ်လင်းနှင့် ဒေါ်စမ်းစမ်းအေးမိသားစုမှ လည်းကောင်း၊ ကွန်ပျူတာ (၅)စုံ၊ ပရိဘောဂနှင့် အဲယားကွန်း(၂)လုံး စုစုပေါင်းတန်ဖိုးငွေကျပ် (၇၉၄၈၀ဝ၀/−)ကို ဧရာမြန်မာအထွေထွေအာမခံ ကုမ္ပဏီလီမိတက်(AMI)မှ လည်းကောင်း၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း (၃)စုံ တန်ဖိုးငွေကျပ် (၂၉၅၃၅၀ဝ/−) ကို MAX Energy Co.Ltd မှလည်းကောင်း ဝိုင်းဝန်းလှူဒါန်းမှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

1

           

ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်ရုံးစာကြည့်တိုက်များကို လူထုအခြေပြုဗဟိုဌာနများအဖြစ် ပြောင်းလဲဆောင်ရွက်ရန် အဆင့်မြှင့်တင်လျက်ရှိရာတွင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့်လည်းကောင်း၊ အကျိုးတူပူးပေါင်းဆောင်မှု (BOT) စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ လည်းကောင်း၊ လွှတ်တော်ရန်ပုံငွေမှ လည်းကောင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအပါအဝင် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုများဖြင့်လည်းကောင်း ပူးပေါင်းပါဝင်မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

(တိုင်းဒေသကြီး ပြန်/ဆက်)