သီဟစည်သူ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မြန်မာ့ရေပြင်အတွင်း ငါးသလောက် ငါးသယံဇာတ ရေရှည်တည်တံ့စေရေးအတွက် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ငါးသလောက် ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် ရေရှည်ထုတ်ယူဖမ်းဆီးနိုင်ရေးအတွက် ငါးသလောက်ဘေးမဲ့ဧရိယာ ၁၁ ခု နှင့်  ရာသီအလိုက် ငါးဖမ်းဆီးမှုတားမြစ်ရေးဧရိယာ ရှစ်ခုတို့ကို သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

 

ဘေးမဲ့ဧရိယာ

 

ငါးသလောက်ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးသလောက် ဘေးမဲ့ဧရိယာ ၁၁  ခု စုစုပေါင်း ၂၃၃၈ ဒသမ ၈ ဧက၊ ရခိုင်ပြည်နယ် မင်းကြောင်းမြစ်အတွင်း  ရာသီအလိုက် ငါးသလောက် ထိန်းသိမ်းရေးဧရိယာ ၂၀၆၅ ဧကနှင့် မွန်ပြည်နယ်၊ စစ်တောင်းမြစ်ဝ ရာသီအလိုက် ငါးသလောက်ထိန်းသိမ်းရေး ဧရိယာ ၆၁၄၉၅၁ ဒသမ ၆ ဧက စုစုပေါင်း မြန်မာ့ရေပြင် ဧရိယာ ၆၁၉၃၉၁ ဒသမ ၁၆ ဧကကို  ငါးသလောက်ဘေးမဲ့ဧရိယာနှင့် ရာသီအလိုက် ငါးဖမ်းဆီးမှုတားမြစ်ရေး ဧရိယာများအဖြစ် သတ်မှတ်ထားသည်။

 

 

mdn

 

 

ငါးသလောက်ငါး ဘေးမဲ့ဧရိယာ ၁၁ ခု

 

ထိုသို့ တားမြစ်ဆောင်ရွက်ရာတွင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့နှင့်  ထိစပ်နေသည့် စစ်တောင်းမြစ်ဝထိပ်၊ မြန်မာ့ ပင်လယ်ပြင်ဧရိယာကို ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးဧရိယာ အဖြစ်သတ်မှတ်ပြီး  နှစ်စဉ်  ဧပြီ  ၁  ရက်မှ  မေ  ၃၁  ရက်အထိ ငါးသလောက်ငါးမျိုးများ ဖမ်းဆီးခြင်းမပြုရန် တားမြစ်သည့် အမိန့်ကြော်ငြာစာကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က  မတ် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

 

အလားတူ မျိုးဆောင် ငါးသလောက်ငါးများ ရွှေ့ပြောင်းသွားလာရာ လမ်းကြောင်းများကို ရာသီအလိုက် ပိတ်ပင်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုးမြစ်ကြောင်းအရှည် ၈၆ ဒသမ ၃ မိုင်၊ ဘိုကလေး-ရာဇူတိုင်- ဧရာဝတီမြစ်ကြောင်းအရှည် ၂၀၇ ဒသမ ၅ မိုင်၊ ပြန်မလော့- ဧရာဝတီ မြစ်ကြောင်းအရှည် ၁၀၂ ဒသမ ၆ မိုင်နှင့် ရွေးမြစ်ကြောင်းအရှည် ၁၀၆ ဒသမ ၆ စသည့် မြစ်ကြောင်း လေးခုကို လည်းကောင်း၊ ရခိုင်ပြည်နယ် မြေပုံမြို့နယ်နှင့် မင်းပြား မြို့နယ်အကြားရှိ  မင်းကြောင်းမြစ်အတွင်း ထိန်းသိမ်းရေးနေရာ တစ်နေရာတို့ကို လည်းကောင်း ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိနှင့် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ  ငါးသလောက် ငါးမျိုးများ မဖမ်းဆီးရရာသီအဖြစ် သတ်မှတ်ကြောင်း မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေနှင့်  ရေချိုငါးလုပ်ငန်းဥပဒေတို့နှင့်အညီ အမိန့် ကြော်ငြာစာများ ထုတ်ပြန်တားမြစ်ထားသည်။

 

သုတေသနလုပ်ငန်းအချို့

 

ငါးသလောက်ငါးများကို စနစ်တကျ ဖမ်းဆီး၍ ရေရှည်သုံးစွဲနိုင်ရန်  ရည်ရွယ်ပြီး မျိုးပွားသားပေါက်ရန် စားကျက်များ၊ ငါးနေငါးထိုင်များ  ကာကွယ်စောင့်ရှောက်ခြင်း၊ မျိုးပွား သားပေါက်ရန် ဝင်ရောက်လာသော မျိုးငါးများကို အကာအကွယ်ပေးခြင်း၊ ငါးသားပေါက်များကိုလည်း လွတ်လပ်စွာကြီးထွားခွင့်ပေးခြင်း၊ အုပ်စုလိုက်ရွှေ့ပြောင်းရာ လမ်းကြောင်းများကို ထိန်းသိမ်း စောင့်ရှောက်ပေးခြင်း၊ သဘာဝတွင် သားပေါက်နိုင်သော အခြေအနေများကို တိုင်းတာခြင်း စသည့်သုတေသနလုပ်ငန်း  အချို့အား  မြန်မာ့ရေပြင်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ငါးသလောက် ငါးမျိုးစိတ်သည်  ဘင်္ဂလားပင်လယ်အော်ရေပြင်အတွင်း ရွှေ့ပြောင်းသွားလာ ကျက်စားကြပြီး အထူးသဖြင့် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံရှိ ကမ်းခြေများတွင် အုပ်စုလိုက်ရွှေ့ပြောင်းသွားလာနေသည့် ငါးမျိုးစိတ်ဖြစ်သည်။ ငါးသလောက်ငါးများသည် မျိုးပွားဇီဝဗေဒဆိုင်ရာအရ ပင်လယ်ပြင်အတွင်း ကြီးပြင်းပြီး  သားပေါက်ရန်အတွက် ရေချိုရေငန်စပ် ရေပြင်များဖြစ်သော မြစ်ချောင်းများအတွင်းသို့ ဝင်ရောက်သားပေါက်ပြီးနောက် အဆိုပါ သားပေါက်များက ပင်လယ်ပြင်အတွင်းသို့  အုပ်စုလိုက် ပြန်လည်ရွှေ့ပြောင်းကြီးပြင်းသည့် (Anadromous) ငါးမျိုးစိတ်ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာပေါ်တွင် ငါးသလောက်ထုတ်လုပ်တင်ပို့မှုအနေဖြင့် ငါးသလောက်များကျက်စားရာ ဒေသတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့ငါးသလောက်ထုတ်လုပ်မှု၏ ၆၅ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း Worldfish  အဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။ ဒုတိယတင်ပို့မှုအများဆုံးအနေဖြင့် အိန္ဒိယနိုင်ငံမှဖြစ်ပြီး  ကမ္ဘာ့ငါးသလောက် ထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ  ၃ ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိကာ အခြားငါးသလောက် ထုတ်လုပ်သောနိုင်ငံများမှာ အီရန်၊ အီရတ်၊ ကူဝိတ်နှင့် ပါကစ္စတန် တို့ဖြစ်ကြောင်း World-fish က ထုတ်ပြန်ထားသည်။  လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးသလောက် ထုတ်လုပ်မှုသည် စဉ်ဆက်မပြတ် တိုးတက်ခဲ့သော်လည်း အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့်ပါကစ္စတန်နိုင်ငံတို့တွင် ငါးသလောက်ထုတ်လုပ် မှုများ ဆက်တိုက်ကျဆင်းခဲ့ကြောင်း သိရသည်။

 

နှစ်စဉ်တိုးတက်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငါးသလောက်ထုတ်လုပ်မှု နှစ်စဉ်တိုးတက် လာခြင်းမှာ  ငါးမဖမ်းဆီးရနေရာ (ဘေးမဲ့ဧရိယာ) များ တိုးချဲ့ကာ ငါးဖမ်းဆီးသူများ ဖမ်းဆီးခြင်းမှ ကာကွယ်ပေးခြင်း၊ ငါးသလောက် ဥဆောင်အမများနှင့် သားပေါက်များကို ဖမ်းဆီးခြင်းမှ တားမြစ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငါးသလောက် သားပေါက်ခြင်းကို ကာကွယ်ရန်  လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နှစ်စဉ်ငါးသလောက် သားပေါက်ရာသီဖြစ်သည့် အောက်တိုဘာ လ ၆ ရက်မှ အောက်တိုဘာလ ၂၈ ရက်အတွင်း ငါးဖမ်းဆီးခြင်းကို ရပ်ဆိုင်းထားသည်။ ထိုသို့ ရပ်ဆိုင်းထားသည့်အချိန်တွင် အစိုးရက လူမှုဖူလုံရေး အစီအစဉ်အောက်ရှိ  စာရင်းဝင် ရေလုပ်သားများကို အကူအညီ ပေးအပ်ခြင်းများ ဆောင်ရွက်လေ့ရှိကြောင်း လေ့လာသိရှိ ရသည်။

 

ထို့ကြောင့် ငါးသလောက်ထုတ်လုပ်မှုကို တိုးတက်မြှင့်တင်နိုင်ရန်နှင့် ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရန်အတွက် ငါးသလောက် ဥဆောင်အမများနှင့် သားပေါက်များကို ဖမ်းဆီးခြင်းမှ တားမြစ်ခြင်း၊ ငါးသလောက် ထိန်းသိမ်းရေးဧရိယာ (ဘေးမဲ့ဇုန်) များ တိုးချဲ့တည်ထောင်၍ ငါးသလောက်ငါးမျိုးများ ဖမ်းဆီးခြင်းမှ အကာအကွယ်ပေးခြင်းတို့မှာ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ငါးသလောက်သယံဇာတများ တိုးတက်ရေးနှင့် ရေရှည်ထုတ်ယူ နိုင်ရေး ကြိုတင်မြော်တွေးကာ ငါးသလောက်ဘေးမဲ့ဇုန်များ ထူထောင်ခြင်းနှင့် ထိန်းသိမ်းရေးဧရိယာများ  တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပသို့ ပိုမိုထုတ်လုပ်တင်ပို့နိုင်ပြီး ပြည်တွင်းငါးစားသုံးမှု ဖူလုံခြင်း၊ ရေသယံဇာတအရင်းအမြစ်များ ဖွံဖြိုးတိုးတက်လာခြင်းတို့နှင့်အတူ  နိုင်ငံ့ဝင်ငွေများ ပိုမိုတိုးတက်လာနိုင်မည်ဟု  မျှော်လင့်မိပါကြောင်း။