ညောင်ဦး   ၅  ဇွန်

 

ညောင်ဦးခရိုင် ငါ့သရောက်မြို့ အမှတ်(၃)၊ တောင်ကုန်းရပ်မှထွက်ရှိသည့် သောက်ရေအိုးနှင့် အခြားအိုးများ ဈေးနှုန်း အတက်အကျမရှိဘဲ ပုံမှန်သာရောင်းချနေရကြောင်း မြေအိုးလုပ်ငန်းလုပ်ကိုင်သူ ဦးနေလင်းထံမှ သိရသည်။

 

ငါ့သရောက်မြို့ အမှတ်(၃)၊ တောင်ကုန်းရပ်သည် တစ်ရွာလုံး ရိုးရာအိုးလုပ်ငန်းကို ခေတ်အဆက်ဆက် ပြုလုပ်ရောင်းချလာသည့် ဒေသဖြစ်ပြီး ရွာပြင်ဘက်ရှိ အိုးဖုတ်(အိုးဖို)ကုန်း သုံးကုန်း တောင်ပူစာဖြစ်နေသည်ကို ကြည့်ခြင်းအားဖြစ် အိုးလုပ်ငန်း ဘယ်ခေတ်ဘယ်အချိန်ထဲက လုပ်ကိုင်ခဲ့သည်ကို ခန့်မှန်းနိုင်ကြောင်း ဒေသခံ အိုးလုပ်ငန်းလုပ်ကိုင်သူများမှ ရှင်းပြသည်။

 

တောင်းကုန်းဒေသမှ အိုးအမျိုးမျိုးလုပ်ကိုင်ကြသော်လည်း ထန်းဆွဲမြူအိုးများနှင့် သောက်ရေအိုးများအား အများအပြားထုတ်လုပ်ကာ ပတ်ဝန်ကျင်မြို့များနှင့် ဒေသတွင်းသို့ရောင်းချခြင်းဖြင့် တောင်ကုန်းကျေးရွာ တစ်ရွာလုံး စီးပွားဖြစ်အိုးလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။

 

အိုးလုပ်ရန်အတွက် ရွာပတ်လည်ရှိ နှုန်းမြေသားများနှင့် သဲဆံသည့်မြေအမျိုးစား တူဖော်ကြကာ အိုးလုပ်ငန်း လုပ်ကိုင်ကြကြောင်း၊ ထန်းဆွဲမြူအိုးများအား ထန်းရာသီမစတင်မီ အချိန်ထဲက ကြိုတင်ပြီး ထန်းဆွဲမြူအိုး အမြောက်အများ လုပ်ကိုင်ထားကြောင်း၊ ထန်းရာသီစတင်ချိန် အနီးပတ်ဝန်းကျင်နယ်များမှ ထန်းတောင်သူများနှင့် ဒေသတွင်း ထန်းတောင်သူများ ထန်းဆွဲမြူအိုးများ လာရောက်ဝယ်ယူကြကြောင်း သိရသည်။

 

တောင်ကုန်းရွာမှ တစ်နှစ်လျှင် ထန်းဆွဲမြိူအိုး နှစ်သိန်းခွဲကျော် နှစ်စဉ်ထုတ်လုပ်ရောင်းချရကြောင်း၊ သောက်ရေအိုး များကတော့ တစ်နှစ်ပတ်လုံးရောင်းချရပြီး အခြားအိုးများကိုလည်း တစ်အိမ်လျှင် အနည်းငယ်စီ ပြုလုပ်ရောင်းချရကြောင်း၊ မြေသားဖြင့်ပြုလုပ်သော ရေဆေးဇလုံ၊ ဘုရားပန်းအိုး၊ ပန်းအိုး၊ စုဘူး၊ မုန့်ပြားသလက် အိုးခင်း၊ အရက်ချွေးပေါင်းခံအိုး(အရက်ချက်အိုး)၊ ကောက်ညှင်းပေါင်းအိုး၊ ဟင်းချက်အိုး (ဟင်းပြင်အိုး)၊ သောက်ရေအိုး (အလတ်၊အကြီး)နှင့် ထန်းဆွဲမြူအိုးများ ပြုလုပ်ရောင်းချကြကြောင်း သိရသည်။

 

ငါ့သရောက်ဒေသထွက် သောက်ရေအိုးနှင့် ထန်းဆွဲမြူအိုးများသည် ပါးလွှာပေါ့ပါးပြီး ခိုင်ခန့်ခြင်းကြောင့် ငါ့သရောက် ဒေသထွက်အိုးရယ်လို့ နာမည်တစ်လုံးဖြင့် ထင်ရှားကျော်ကြားကြောင်း ဦးနေလင်းက ရှင်းပြသည်။

 

အိုးအမျိုးမျိုးပြုလုပ်ရာတွင် အိုးပြင်လှည့်နှင့် အိုးထွင်းဆရာနှစ်ဦးသာ လိုအပ်ပြီး အိုးပြင်လှည့်အား လူတိုင်းလှည့် တတ်သော်လည်း အိုးထွင်းဆရာမှာ အနည်းငယ်သာရှိပြီး တစ်ရွာလုံး အိုးထွင်းဆရာ(ခေါ်) အိုးလုပ်သည့် ပညာရှင်များမှာ အမျိုးသမီးများသာရှိကြောင်း သိရသည်။

 

အိုးပြင်လှည့် စက်တစ်မျိုးတည်းဖြင့် အိုးအမျိုးမျိုးအား မိမိလိုချင်သည့်အိုးပုံစံကို ဖြတ်တောက်ယူငင်ရပြီး အိုးပြုလုပ်ကြပြီး ထွက်ရှိလာသည့်အိုးများအား ပခုက္ကူမြို့၊ ကျောက်ပန်းတောင်းမြို့၊ တောင်သာမြို့၊ မြင်းခြံမြို့နှင့် ညောင်ဦးမြို့များမှ အိုးပွဲစားများ လာရောက်ဝယ်ယူကြပြီး ဈေးအတက်အကျမရှိဘဲ ပုံမှန်သာရောင်းချနေရကြောင်း  သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း