ငါ့သရောက်  ၁၅  ဇူလိုင်  
    

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်  ငါ့သရောက်မြို့နယ် တစ်ခွင်လုံးတွင် မေလနောက်ဆုံးပတ်က ရွာသွန်းခဲ့သည့်မိုးဖြင့် မြေပဲနှင့်နှမ်းများ ကြဲပက်စိုက်ပျိုးခဲ့ရာ အပင်ပေါက်နှင့် ရှင်သန်မှုကောင်းခဲ့သော်လည်း ဇွန်လနှင့်ဇူလိုင် ဒုတိယပတ်ထိ မိုးရွာသွန်းမှုမရှိခြင်းကြောင့် မြေပဲနှင့်နှမ်းများ ခြောက်သွေ့ကာ သေကုန်ကြပြီဖြစ်ကြောင်း ငါ့သရောက်မြို့ ကန်သာယာကျေးရွာ ဦးချမ်းမြေ့အောင် ကပြောပြသည်။
    

ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်တို့သည် ဆီထွက်သီးနှံစိုက်ပျိုးရာတွင် မိုးဥတုသာ အားကိုးစိုက်ပျိုးကြသည့် ဒေသများဖြစ်ကာ မိုးရာသီတစ်ရာသီ ရာသီဥတုဖောက်သွားခဲ့လျှင် တစ်နှစ်စာ ကောက်ပဲသီးနှံ၊ ဆီထွက်သီးနှံများ မရရှိတော့ဘဲ တစ်ရာသီပြီးဆုံးသွားကြောင်း ဦးချမ်းမြေ့အောင်က ရှင်းပြသည်။

 

mdn

 

ငါ့သရောက်မြို့တွင် ရာသီဥတုမမှန်သည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်း တောင်သူအများစု ရာသီဥတုကို မယုံကြည်ကာ စိုက်ပျိုးမှုမရှိသလောက်ရှိနေပြီဖြစ်ပြီး ယာခင်းအလွတ်များ တစ်နှစ်ထက်တစ်နှစ် များပြားလာပြီဖြစ်ကြောင်း ဆက်လက်ပြောပြသည်။

 

ငါ့သရောက်မြို့၊ ညောင်ဦးမြို့တို့သည် မြေပဲနှင့် နှမ်းကိုသာ အားထားစိုက်ပျိုးကြပြီး စိုက်ပျိုးချိန်က မျိုးဈေးနှုန်းကြီးမားခြင်းကြောင့် အချို့သောတောင်သူများ စွန့်စားမစိုက်ကြတော့ကြောင်းနှင့် ပဲစင်းငုံဆိုလျှင် ညောင်ဦးတစ်ခရိုင်လုံးစိုက်ပျိုးလာခဲ့ရာ စိုက်ပျိုးမှုမရှိတော့ကြောင်း ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ကပြောပြသည်။ နောက်ငါးရက်လောက်မှ မိုးမလိုက်ရင်(မရွာ)လျှင် ဒီနှစ်အတွက် ဆီထွက်သီးနှံနှင့် စိ်ုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ တောင်သူတွေ မရရှိနိုင်တော့ကြောင်း ဦးသန်းထိုက်က ဆက်လက်ပြောပြသည်။
                                    

‌မောင်မောင်ထိန်(ကျောက်ပန်းတောင်း)