ငါ့သရောက်  ၁၅   နိုင်ဝင်ဘာ

 

ငှက်ဖျားပိုးကူးစက်မှု ပပျောက်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေးခြင်းနှင့် ငှက်ဖျားပိုးနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ စက်စက်ယိုကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာန Rural Health Centre တွင် ပြုလုပ်ဆောင်ရွက်သည်။

 

သတ်မှတ်ထားတဲ့ ဒေသအလိုက် ခြင်မှတစ်ဆင့် ငှက်ဖျားပိုးကူးစက်ခံရသူ လုံးဝမရှိစေရေး၊ ခြင်မှ တစ်ဆင့် ငှက်ဖျားပိုး ကူးစက်ခံရသောနေရာဒေသ လုံးဝမရှိစေရေး၊ ငှက်ဖျားပိုးရှိသူမှ နောက်လူများသို့ ထပ်ဆင့်ကူးစက်ခြင်းမရှိစေရေးနှင့် ဒေသအလိုက်မှသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးတို့ကို ရည်ရွယ်ကာ ငှက်ဖျားပိုးကူးစက်မှု ပပျောက်ရေး (Malaria Elimination) ကို လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်၊ အဲဒီလုပ်ငန်းအတွက် သက်ဆိုင်ရာဒေသရှိ ကျေးလက်ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ငှက်ဖျားရောဂါဆိုင်ရာ အသိပညာ မြင့်မားလာစေရေး အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါတယ်ဟု ညောင်ဦးခရိုင် ငှက်ဖျားရောဂါနှိမ်နင်းရေးအဖွဲ့မှ ဦးထန်လျန်က ပြောကြားသည်။

 

အဆိုပါ အသိပညာပေးခြင်းကို ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါ နှိမ်နင်းရေးအဖွဲ့မှ သွားရောက်ပို့ချခြင်းဖြစ်ပြီး စက်စက်ယိုကျန်းမာရေးဌာနနှင့် မြေနဲကြီး၊ ကူတော၊ ထီးပု၊ ဂျမ်းလှီး ကျန်းမာရေးဌာန(ခွဲ)များမှ ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဖေလိန်း(ပုဂံ)