ငါ့သရောက် ၂ စက်တင်ဘာ
ညောင်ဦးခရိုင် ငါ့သရောက်မြို့ ကမ္မအုပ်စု အိုင်ကြီးကျေးရွာ တောစပ်မှဖမ်းမိသည့် ဒေါင်းတစ်ကောင်အား စက်တင်ဘာ ၁ရက်နေ့ မွန်းလွဲပိုင်းက ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီအနီးရှိ လောကနန္ဒာဘေးမဲ့တောဉယျာဉ်သို့ လှူဒါန်းလိုက်ကြောင်း အိုင်ကြီးကျေးရွာ ရာအိမ်မှူး ဦးရဲညွန့် ကပြောပြသည်။
အဆိုပါ ဒေါင်းကြီးသည် ဩဂုတ်လ ၂၈ရက်နေ့ ညနေပိုင်းအချိန်တွင် အိုင်ကြီးကျေးရွာတောစပ်မှ မြေပဲခင်းထဲသို့ဖြတ်သွားရာမှ ယာခင်းရှင် ဦးအောင်ထွေးမှသားဖြစ်သူနှင့်လိုက်ဖမ်းရာ မြေပဲခင်းလေးခင်းမြောက်တွင် ဖမ်းမိပြီး အိမ်တွင်ကြိုးချည်ကာမွေးထားခဲ့ကြောင်းသိရသည်။
အဆိုပါဒေါင်းကြီးအား ရာအိမ်မှူး ဦးရဲညွန့်မှ သစ်တောဦးစီးဌာန ဘေးမဲ့တောသို့ ပြန်လည်လှူဒါန်းလိုသဖြင့် တာဝန်ရှိသူအဆင့်ဆင့်ဖြင့်ဆက်သွယ်ခဲ့ရာ လောကနန္ဒာဘေးမဲ့တော ဉယျာဉ်သို့ထပ်ဆင့်ပို့ဆောင်ရန် ညောင်ဦးခရိုင် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်နိုင်နှင့်ဝန်ထမ်းများ၊ ငါ့သရောက်မြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း တို့မှ အိုင်ကြီးကျေးရွာ သို့သွားရောက်လက်ခံရယူခဲ့ကာ ပုဂံမြိုရှိ လောကနန္ဒာဘေးမဲ့တော ဉယျာဉ်သို့ ပို့ဆောင်ခဲ့ကြောင်းမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကပြောပြ၍သိရသည်။
ယခုလှူဒါန်းသည့် ဒေါင်းသည် ဒေါင်းမလေးဖြစ်ကာ အသက်အားဖြင့် တစ်နှစ်ခွဲခန့် ခန့်မှန်းသိရှိရပြီး အစိမ်းရင့်ရောင် အနက်အဖြူကြားရောင်ကြောင်း၊ နှုတ်သီးမှ အမြှီးထိ ၃ပေ ၄လက်မရှိကာ၊ နှုတ်သီး(ပါးစပ်)ဖျားမှ အမောက်အဆုံးထိ ခုနှစ်လက်မရှိသည်။
အရပ်အရှည် ၁ပေ ၇လက်မရှိကာ အတက်လက်မဝက်ခန့်ရှိပြီး ရင်အုပ်အကျယ် ၂ပေကျော်ခန့်ရှိကြောင်းသိရကာ အမြီး၁ပေ ၇လက်မရှိပြီး တောင်ပံဖြန့်အကျယ် ၁ပေ၁၀ လက်မရှိကြောင်း သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဇော်ဇော်နိုင်မှ ပြောပြသည်။
လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် စုစုပေါင်း ဒေါင်း ၉ကောင်ရှိပြီးယခု အခါဒေါင်း ၁၀ကောင်ရှိသွားပြီဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့တောဉယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်ထံက သိရကာ ဒေါင်းများအား သဘာဝအတိုင်းလွှတ်ထားကြောင်းနှင့် နယ်ကျွံသွားလာတတ်ကြောင်း ပုဂံမြို့ လောကနန္ဒာဘေးမဲ့ဉယျာဉ်မှ တုရင်တောင် တောင်တန်းဘက်ရွာများအထိ သဘာဝအတိုင်းသွာလာနေတတ်ကြောင်း တခါတရံ တွင်းရွာ၊ တုရွင်ကုန်း၊ မိုးနတ်ကုန်း၊ နကျိုးအိုင်ရွာများထိ သွားတတ်သောကြောင့် သစ်တောဦးစီးဌာနနှင့် လောကနန္ဒာဘေးမဲတောဉယျာဉ်ဝန်ထမ်းများ နယ်လှည့်ကွင်းဆင်းကာ ရှားပါးမျိုးစိတ် ဒေါင်းများလာရောက်သည့် အခါမပစ်ခတ်ကြဘဲ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ဖို့ လိုက်လံမဖမ်းဆီးဖို့နှင့် ရှားပါးမျိုးစိတ်ဒေါင်းများအား ပုဂံဒေသတဝိုက် မျိုးဆက်ပွားပေါက်ပွားစေခြင်းဖြင့် ပြန်လည်ပွားများပေါက်ဖွားလာအောင် ကျေးလက်တောရွာများသို့ ပညာပေးဟောပြောဆွေးနွေးပွဲများ ပြုလုပ်ထိန်းသိမ်းထားကြောင်း လောကနန္ဒာဘေးမဲ့ဉယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် ကရှင်းပြ၍သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


