ငါ့သရောက် ၁၂ ဇန်နဝါရီ      
 
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်းပြီး ဒေသခံပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ (၁၃)ကြိမ်မြောက် Exim Bank အသေးစားအရင်းနှီး ချေးငွေများ ကွင်းဆင်းထုတ်ချေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက ညောင်ဦးမြို့နယ် ထီးပုကျေးရွာသို့ သွားရောက်၍ အခြေခံသမဝါယမအသင်းသား၊ အသင်းသူများကို ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 

 

119

 

ထိုသို့ ကျေးရွာအရောက် Exim Bank အသေးစားအရင်းနှီးချေးငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ရှေးဦးစွာ ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးဝေက ချေးငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဉက္ကဋ္ဌ ဦးဌေးက ချေးငွေများ စနစ်တကျ သုံးစွဲရေးနှင့် ချေးငွေပြန်လည်ပေးဆပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

027

 

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးဝေနှင့် ဝန်ထမ်းများအဖွဲ့က ညောင်ဦးမြို့နယ် ထီးပုကျေးရွာရှိ အခြေခံသမဝါယမအသင်းသား၊ အသင်းသူ ၈၄ ဦးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ (၁၃)ကြိမ်မြောက် Exim Bank အသေးစားအရင်းနှီးချေးငွေ ၁၂၇၂၀၀၀၀ ကျပ်အား ကျေးရွာအခြေခံသမဝါယမအသင်းဉက္ကဋ္ဌ ဦးအေးလွင်ထံ လက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးခဲ့သည်။ 

ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ (၁၃)ကြိမ်မြောက် Exim Bank အသေးစားအရင်းနှီးချေးငွေ ထုတ်ချေးပေးခြင်းကို ညောင်ဦးမြို့နယ် ငါ့သရောက်မြို့အတွင်း ကျေးရွာပေါင်း(၄၃)ရွာရှိ အခြေခံသမဝါယမအသင်းသားဦးရေ စုစုပေါင်း ၃၈၄၄ ဦးအား ထုတ်ချေးငွေပေါင်း ၈၂၉၃၀၀၀၀၀ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်မှ စတင်ထုတ်ချေးခဲ့ရာ ယနေ့အထိ ထုတ်ချေးပြီး အသင်းဝင်ပေါင်း (၃၀)သင်း ထုတ်ချေးဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် သမဝါယမအသင်းစုမှ မန်နေဂျာ ဒေါ်အေးအေးပြုံးထံမှ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)