ညောင်ဦး ၁ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ကမ္မကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာနေ ဦးအောင်ထွေးသည် မိမိနေထိုင်သော ယာခင်းထဲတွင် နယ်ကျွံပြီးရောက်နေသည့် ဒေါင်းမတစ်ကောင် ဖမ်းဆီးရမိထားသဖြင့် စက်တင်ဘာ ၁ ရက်နေ့ ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများထံ အသိပေးအကြောင်းကြားပြီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ငါ့သရောက်မြို့သစ်တောဦးစီးဌာနမှ ဘိနယ်တာဝန်ခံ ဦးကျော်လင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက်၊ ညနေ ၅ နာရီခွဲအချိန်ခန့်က ငါ့သရောက်မြို့ ၊ ကမ္မကျေးရွာအုပ်စု ၊ အိုင်ကြီးကျေးရွာနေ ဦးအောင်ထွေးသည် မိမိနေထိုင်သော ယာခင်းထဲတွင်ရှိနေစဉ် ကြက်များနှင့် ဒေါင်းမတစ်ကောင်ခွပ်နေသည်ကို တွေ့ရှိ၍ လိုက်လံဖမ်းဆီးကာ နေအိမ်တွင် ထိန်းသိမ်းမွေးမြူထားခဲ့ပြီး အဆိုပါ ဒေါင်းမတစ်ကောင် ဖမ်းဆီးရမိမှုအား ငါ့သရောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းထံ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။ ထိုသို့ ဦးအောင်ထွေး၏ သတင်းပေးပို့မှုအရ ယနေ့ နံနက်ပိုင်းတွင် ငါ့သရောက်မြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ဦးဆောင်မှုဖြင့် ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်မှ တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှုပြီး ၎င်း ဒေါင်းမျိုးစိတ်များမှာ နိုင်ငံတော်မှ လုံးဝကာကွယ်ထိန်းသိမ်းထားသည့် ငှက်မျိုးစိတ်များဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားရာ အိုင်ကြီးကျေးရွာ ရာအိမ်မှူး ဦးရဲညွန့်နှင့် ဒေါင်းမအား ဖမ်းဆီးရမိသူ ဦးအောင်ထွေးတို့က လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ထိန်းသိမ်းမွေးမြူထားရှိရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


