ငါ့သရောက်မြို့၌ ပုန်းရည်ကြီးလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းပုံမှန်လည်ပတ်၍ အဆင်ပြေ

ငါ့သရောက်   ဒီဇင်ဘာ   ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာတွင် အစဉ်အဆက် လုပ်ကိုင်လျက်ရှိသော ပုန်းရည်ကြီးလုပ်ငန်းမှာ ယခုလို ပွင့်လင်းရာသီတွင် လုပ်ငန်းပိုမိုတွင်ကျယ်၍ ရောင်းအားတိုးတက်ကာ အဆင်ပြေကြကြောင်း အဆိုပါ ကျေးရွာ ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

 

ငါ့သရောက်မြို့၊ ဆည်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော်လည်း ပုန်းရည်ကြီး လုပ်ငန်းကို မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် အစဉ်အဆက် လုပ်ကိုင်ကြသူများလည်းရှိကာ နှစ်ပတ်လည် လုပ်ကိုင်ကြရကြောင်း သိရသည်။ မိုးရာသီကာလတွင် လုပ်ငန်းအခက်အခဲ အနည်းငယ်ရှိပြီး ယခုလို ပွင့်လင်းရာသီ၌ လုပ်ငန်းပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်ကြသဖြင့် မိုးတွင်းကာလတွင် ပုန်းရည်ကြီး တစ်နေ့ အချိန် ပိဿာ ၃၀ ခန့် ထုတ်လုပ်နိုင်ပြီး၊ ပွင့်လင်းရာသီတွင် တစ်နေ့ အချိန် ပိဿာ ၆၀ ကျော် ထုန်လုပ်နိုင်ကြောင်း သိရသည်။ ပုန်းရည်ကြီးချက်လုပ်ရန် ပဲပိစပ်ပဲကိုသာအသုံးပြုရပြီး လောင်စာအတွက် ထင်းနှင့် မြေပဲခွံတို့ကို အားထားသုံးကြရကြောင်း သိရသည်။ ကျိုချက်ပြီး ရရှိလာသည့် ပုန်းရည်ကြီးများကို ငါးကျပ်သားထုပ်မှစ၍ တစ်ဆယ်သား၊ နှစ်ဆယ့်ငါးကျပ်သား၊ ငါးဆယ်သား၊ တစ်ပိသာထုပ်များအထိ အမျိုးမျိုးထုပ်ပြီး ဈေးကွက်တင် ရောင်းချနိုင်ကြောင်းနှင့် တစ်ပိသာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရောင်းချကြရကြောင်း၊ ရောင်း ချရာတွင်လည်း ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့၊ ပခုက္ကူမြို့များအပြင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအထိ တင်ပို့ရောင်းချကြရသဖြင့် လုပ်ငန်းပုံမှန်ဆောင်ရွက်နေသူများ ဝင်ငွေရရှိကာ အဆင်ပြေကြကြောင်း ဆည်ကျေးရွာ ပုန်းရည်ကြီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

 

ဖြိုးဝေ(ပြန်/ဆက်)