ငါ့သရောက်မြို့နယ် ပင်ပြန့်မြေပဲဖော်ချိန် မြေပဲအထွက်နှုန်းကောင်းကာ တောင်သူများမြေပဲရကြ

ငါ့သရောက် ဒီဇင်ဘာ ၂

 

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် မြေပဲစိုက်တောင်သူများ ပင်ပြန့်မြေပဲဖော်ချိန် ဥဥနှုန်း ကောင်းသောကြောင့် မြေပဲစိုက်တောင်သူများ မြေပဲရကြကာ ပင်ပြန်မြေပဲစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံက သိရသည်။

 

ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးခရိုင်တွင်ပါဝင်ပြီး တစ်နှစ်ပတ်လုံး မိုးရေချိန် (၂၀)လက်မအောက်တွင်သာ ရွာသွန်းသည့် မိုးနည်းရပ်ဝန်းဒေသဖြစ်ကာ မိုးရာသီတစ်ရာသီသာ စိုက်ပျိုးရေး လုပ်ကိုင်စားသောက်ရသည့် မြို့ဖြစ်သည်။ မိုးရာသီအချိန်တွင်လည်း နှမ်း၊ မြေပဲနှင့် ပဲစင်းငုံ၊ ပြောင်းတို့ကိုသာ အဓိကစိုက်ပျိုးကြသည်။ ထန်းတောင်သူ အမြောက်အများရှိခဲ့သော်လည်း ထန်းလျက်ဈေးနှုန်း လျော့ကျခြင်းနှင့် ထန်းတက်လုပ်ငန်းလုပ်ကိုင်ရာတွင် ပင်ပန်းဆင်းရဲခြင်းကြောင့် ပြည်ပနိုင်ငံများသို့သာ သွားရောက်လုပ်ကိုင်မှု များပြားလာခဲ့သည်။ ရာသီဥတု မမှန်ကန်မှုများကြောင့်လည်း မိုးရာသီ၌ တောင်သူများ  စိုက်ပျိုးရာတွင် မရဲတရဲသာ စိုက်ပျိုးကြရကြောင်း သိရသည်။

 

ယခုနှစ်တွင် မိုးဦးမိုး ရွာသွန်မှုနည်းခဲ့ခြင်းကြောင့် နှမ်းစိုက်တောင်သူများ နှမ်းမရကြဘဲ မိုးလယ်မိုးကျမှသာ ပင်ပြန့်မြေပဲ စတင်စိုက်ပျိုးခဲ့သည်။ ဇူလိုင်လတွင်မှ ခြောက်လမြေပဲ(ပင်ပြန့်) စိုက်ပျိုးခဲ့ရာ မိုးရွာသွန်းမှုကောင်းခြင်းကြောင့် ပင်ပြန့်မြေပဲနုတ်သိမ်းချိန် တစ်တင်းချလျှင် (၁၅)တင်းမှ တင်း (၂၀)ထိထွက်ရှိခြင်းကြောင့် ငါ့သရောက်မြို့ ပင်ပြန့်မြေပဲစိုက်တောင်သူများ မြေပဲရကြသည်။ ကုလားတဲကျေးရွာမှ တောင်သူ ဦးစိုးနိုင် မြေပဲငါးတင်းစိုက်ပျိုးရာ နုတ်သိမ်းချိန် (၁၀၆)တင်းထွက်ရှိခြင်းကြောင့် တစ်တင်းစိုက်ပျိုးပြီး ပြန်နုတ်သိမ်းချိန် တင်း(၂၀)ကျော် ပျမ်းမျှထွက်ရှိကြောင်း ကုလားတဲကျေးရွာမှ တောင်သူ ဦးသန်းထိုက်မှ ရှင်းပြသည်။

 

ငါ့သရောက်မြို့နယ် မြေပဲစိုက်တောင်သူများသည် မြေပဲနုတ်သိမ်းချိန်တွင် မြေပဲချွေလှေ့စက်များ အသုံးပြုများလာကြောင်းနှင့် မြေပဲတစ်တင်း စက်ဖြင့်ခြွေလှေ့ခ တစ်ထောင်ကျပ်ပေးရကြောင်း၊ လူတစ်ဦး မြေပဲတစ်တင်းဆွတ်ခူးက တစ်ထောင့်ငါးရာကျပ်ပေးရကြောင်း ဆင်သားမွေးကျေးရွာ မြေပဲခြွေလှေ့စက် အငှားလိုက်သည့် ဦးဇော်လင်းဦးမှ ပြောပြ၍သိရကာ ငါ့သရောက်တစ်နယ်လုံး ပင်ပြန့်မြေပဲစိုက်တောင်သူများ မြေပဲဥဥနှုန်းကောင်းခြင်းကြောင့် တောင်သူများ မြေပဲအရများကြကြောင်း ဆင်သားမွေးကျေးရွာ မြေပဲစိုက်တောင်သူ ဦးစိုးဝင်းမှပြောပြ၍ သိရသည်။

 

ကိုထိန်၊KPD