ငါ့သရောက်၊ ၂၉ ဒီဇင်ဘာ

ညောင်ဦးခရိုင် ငါ့သရောက်မြို့အနီးဝန်းကျင်ရှိ ကျေးရွာများ၌ လက်မှုပညာတစ်မျိုးဖြစ်သည့် ခုံဖိနပ်လုပ်ငန်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူများ မိသားစုအပိုဝင်ငွေတိုး၍ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

လုပ်သားတစ်ဦးလျှင် တစ်ရက်ပျမ်းမျှ  ခုံဖိနပ်ဆိုဒ်စုံ ၁၈ ရန်မှ  အရန် ၂၀ အထိ ပြုလုပ်နိုင်သည့်အပြင် ပြုလုပ်ပြီး ခုံဖိနပ်များကိုလည်း ဖောက်သည်လာရောက်ဝယ်ယူခြင်းများ ရှိနေသည့်အတွက် ငါ့သရောက်မြို့ အနီးဝန်းကျင် ကျေးရွာများမှ ခုံဖိနပ်လုပ်ငန်းလုပ်ကိုင်ကြသူများ နေ့စဉ်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဆည်ကျေးရွာမှ ခုံဖိနပ်လုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်ဝင်းက ပြောပြသည်။

ခုံဖိနပ်များပြုလုပ်ရာတွင် လူကြီး၊ လူငယ်နှင့် ကလေးစီးဖိနပ် ဆိုဒ်စုံပြုလုပ်ရောင်းချပေးနေကြောင်း၊ ခုံဖိနပ်ပြုလုပ်ရန် အတွက် အသုံးပြုသည့်သစ်သားများမှာ တလုတ်မကျီးသား၊ ကုက္ကိုသား၊ သရက်သားနှင့် ဇီးသားများကို အများဆုံး အသုံးပြုကြလေ့ရှိကြောင်း၊ ပြုလုပ်သည့်ခုံဖိနပ်များမှာ ဦးဝိုင်းခုံဖိနပ်နှင့် ပုံခေါက်ခုံဖိနပ်ဟူ၍ နှစ်မျိုးနှစ်စား ပြုလုပ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ခုံဖိနပ်တစ်ရန် ငွေကျပ်  ၇ဝဝ နှုန်းဖြင့် ရောင်းချရသည့်အပြင် ညောင်ဦးမြို့နှင့် ပခုက္ကူမြို့များသို့လည်း  ဖိနပ်ခုံအနိမ့် အမြင့်ပေါ် မူတည်ကာ ဈေးနှုန်း ကျပ် ၇၀၀ မှ ၁၀၀၀ ကျပ်အထိ တင်ပို့ရောင်းချနေရခြင်းကြောင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်သည့် ခုံဖိနပ်လုပ်ငန်းမှာ မိသားစုစားဝတ်နေရေးအတွက် တစ်ရက်လျှင် ငွေကျပ် ၁၂၀၀၀ မှ ၁၄ဝဝဝ ခန့် အထိ ရရှိကာ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။             
        
ဖေလိန်း(ပုဂံ)