ငါ့သရောက်၊ အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ယခုနှစ် မိုးရွာသွန်းမှု ကောင်းမွန်သဖြင့် တောင်သူများ အားထားစိုက်ပျိုးသည့် ပင်ထောင်မြေပဲခင်းများ အောင်မြင်ဖြစ်ထွန်းပြီး သီနှံအထွက်နှုန်း ကောင်းသလို ဈေးကောင်းလည်း ရရှိသည့်အတွက် တောင်သူများ အဆင်ပြေကြကြောင်း ဆည်ကျေးရွာရှိ မြေပဲစိုက်တောင်သူ တစ်များထံမှ သိရသည်။
ငါ့သရောက်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ပင်ထောင်ပဲ (ခေါ်) သုံးလမြေပဲကို အားထားစိုက်ပျိုးကြပြီး အောက်တိုဘာလ ဒုတိယပတ်မှ စတင်နုတ်သိမ်းလျက်ရှိကြရာ မြေပဲတစ်တင်းကျ စိုက်ပျိုးသည့် တောင်သူတစ်ဦးလျှင် အနည်းဆုံး မြေပဲတင်း (၃၀) မှ (၄၅/၅၀) အထိ ထွက်ရှိကြောင်းနှင့် မြေပဲဈေးနှုန်းမှာလည်း (၁) ပိသာလျှင် ကျေးရွာပေါက်ဈေး (၁၅၀၀) ကျပ်မှ (၁၇၀၀) ကျပ်အထိ လည်းကောင်း၊ မြေပဲအဆန် ဈေးနှုန်းမှာ (၁) ပိသာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်ဈေးအထိ ရရှိကြသဖြင့် တောင်သူများအတွက် တွက်ခြေကိုက်သည့်အပြင် ဝယ်ရောင်းပြုလုပ်ကြသည့် နယ်လှည့် မြေပဲပွဲစားများမှာ အိမ်တိုင်ရာရောက် လာယူဝယ်ယူလျှက်ရှိကြရာ တောင်သူများမှာ အချိန်ကုန်သက်သာ၊ လမ်းစရိတ်အကုန် သက်သာခြင်းတို့ကြောင့် ယခုနှစ် မြေပဲစိုက်တောင်သူတိုင်း အဆင်ပြေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ကျေးရွာများရှိ လက်လုပ်လက်စား တောင်သူများမှာလည်း ပဲနုတ်၊ ပဲသိမ်း၊ ပဲဆွတ် စသည့် အလုပ်များကို လုပ်အားခ အနည်းဆုံး (၁၀၀၀) ကျပ်မှ (၃၀၀၀) ကျပ်အထိ ရရှိနေကြသဖြင့် လက်စားလိုက် တောင်သူများမှာလည်း အလုပ်အကိုင်အဆင်ပြေ၍ နေ့စဉ်ဝင်ငွေရရှိနေကြကြောင်း သိရသည်။
ဖြိုးဝေအောင်(ငါ့သရောက်)