ငါ့သရောက် နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်တွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းသဖြင့် မိုးနှောင်းကာလ ဖြစ်သည့် ဩဂုတ်လစတုတ္ထပတ်တွင် စတင်စိုက်ပျိုးခဲ့သော ဒေသအခေါ် ဆောင်ခရမ်းချဉ်ပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဗြူကြီးကျေးရွာ တောင်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ ဆောင်ခရမ်းချဉ် စတင်စိုက်ပျိုးရာတွင် မိုးကို အဓိက အားထားခဲ့ရသော်လည်း နောက်ပိုင်းကာလများတွင် ဆောင်းကာလ နှင်းရည်ကို အားထားစိုက်ပျိုးကြခြင်းဖြစ်သည်။ ယခုနှစ် မိုးနှောင်းကာလတွင် မိုးရွာသွန်းမှု ကောင်းသဖြင့် အပင်များ ရေပြည့်ဝစွာရရှိခဲ့ပြီး အပင်အသေအပျောက်နည်းကာ အပင် ပွင့်အား၊ သီးအား ကောင်းမွန်သောကြောင့်  ယခင်နှစ်များထက် အထွက်နှုန်းပိုမိုရရှိနိုင်ကြောင်း သိရသည်။ ခရမ်းချဉ် ၀.၅ ဧက တစ်ကွက်မှ တစ်ပတ်ဆွတ်ခူးလျှင် ပိဿာချိန် ၄၀ မှ ၅၀ ကျော်အထိ အထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်းနှင့် ခရမ်းချဉ်ဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးရရှိသဖြင့် ခရမ်းချဉ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဗြူကြီးကျေးရွာမှ တောင်သူ  ဦးမောင်ဝင်း၏ ပြောပြချက်အရ သိရသည်။

ဖြိုးဝေ(ပြန်/ဆက်)