မေယု-မျိုးအောင် (MANA)
ရေချို၊ ရေငန် ငါးသယံဇာတများ ကြွယ်ဝစုံလင်စွာ တည်ရှိသော မြန်မာနိုင်ငံသည် ပင်လယ်ငါးထုတ်လုပ်မှုနှင့် ရေချိုငါးထုတ်လုပ်မှု နှစ်မျိုးစလုံးတွင် ငါးဖမ်းဆီးရမှုများ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာသည်ကို တွေ့ရသည်။ ငါးသယံဇာတများ လျော့ပါးလာ ခြင်းသည် ရေလုပ်သားများအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။ မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါများသဖြင့် ငါးသယံဇာတ ကြွယ်ဝသည့်နိုင်ငံဖြစ်ကာ ကမ္ဘာပေါ်တွင် ငါးနှင့် ရေသယံဇာတ ပိုင်ဆိုင်မှု အဆင့် (၁၄) တွင် ရှိသည်။ ရေချိုငါးလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး၊ ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ အသက်မွေး ဝမ်းကျောင်းမှုအတွက် အဓိကအရင်းအမြစ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ ရေချိုငါးဖမ်းလုပ်ငန်း၏ ထုတ်လုပ်မှုသည် အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်းငါး ထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းခန့်ရှိ ကြောင်း စစ်တမ်းများက ဖော်ပြကြသည်။
၈၀ ရာခိုင်နှုန်းလျော့နည်း
မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတ တည်ရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ထုတ်ပြန်ခဲ့သော နော်ဝေသုတေသနရေယာဉ်၏ ရလဒ်တွင် မြန်မာ့ပင်လယ်ပြင်၌ ငါးသယံဇာတများ သိသိသာသာ လျော့နည်းလာကြောင်း၊ ၂၀၁၈ ခုနှစ် ရေပေါ်လွှာ ငါးထုထည်ပမာဏသည် ၁၉၇၉-၁၉၈၀ ပြည့်နှစ်ရှိ ပမာဏနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း ဖော်ပြထားသည်။ မြန်မာ့ပင်လယ်ပြင်အတွင်း ပင်လယ်ပြင် ကန့်သတ်ထားသည့် ငါးဖမ်းကိရိယာများနှင့် စည်းကမ်းမဲ့ ငါးဖမ်းဆီးမှုများ၊ ကမ်းဝေးငါးဖမ်း လှေအချို့ ကမ်းနီးသို့ ဥပဒေမဲ့ ဝင်ရောက် ဖမ်းဆီးမှုများ၊ ငါးမဖမ်းရကာလအတွင်း စည်းကမ်းဖောက်ဖျက်သော ကမ်းဝေး ငါးဖမ်းရေယာဉ်များ ရှိနေကြောင်း ဖော်ညွှန်းနေသည်။ ငါးသယံဇာတများ ရေရှည်တည်တံ့ရေးသည် ရေလုပ်သားများ၏ ဘဝအာမခံချက်နှင့် စားနပ် ရိက္ခာဖူလုံမှုအတွက် အရေးပါသည့် ကိစ္စဖြစ်သည်။
ငါးသယံဇာတများ တဖြည်းဖြည်း လျော့နည်းလာခြင်းသည် မြန်မာတစ်နိုင်ငံတည်းမဟုတ်ချေ။ ယမန်နှစ်က ထုတ်ပြန်ခဲ့သော နိုင်ငံတကာတွင် လူသိများထင်ရှားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ၁၆ ဖွဲ့၏ ပူးပေါင်းလေ့လာမှုတစ်ရပ်က တစ်နှစ်အတွင်း ရေချိုငါးမျိုးစိတ် ၁၆ မျိုး မျိုးသုဉ်းပျောက်ကွယ်သွားကြောင်း၊ လွန်ခဲ့သည့် နှစ်ငါးဆယ်အတွင်း ရွှေ့ပြောင်းနေထိုင်သည့် ငါးကောင်ရေ လေးပုံသုံးပုံ လျော့ကျသွားကြောင်း၊ ပိုမိုကြီးမားသည့် ငါးမျိုးစိတ်အရေ အတွက် ၉၄ ရာခိုင်နှုန်း လျော့ကျသွားကြောင်းနှင့် ရေချိုငါးများလျော့ကျခြင်း၏ အရင်းအမြစ်သည် ရေချိုငါးများ နေထိုင်ကျက်စားရာ မြစ်များ၏ ရေအရည်အသွေး မကောင်းခြင်း၊ ဆည်များ တည်ဆောက်ခြင်းနှင့် ရေဆိုးထုတ်စနစ်ညံ့ဖျင်းခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။ နိုင်ငံအသီးသီးအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေနှင့် တိုးပွားလာသည့် လူဦးရေတို့အကြား ရင်ကြားစေ့ ဖြေရှင်းရာတွင် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းကသာ စားနပ်ရိက္ခာဖူလုံမှုကို လုံခြုံစေမည် ဖြစ်သည်။
ရေချိုငါးလုပ်ငန်း
ရေချိုငါးလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး၊ ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကအရင်းအမြစ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ ရေချိုငါးဖမ်းလုပ်ငန်း၏ ထုတ်လုပ်မှုသည် ၂၀၁၅ ခုနှစ်တွင် တန်ချိန် ၁ ဒသမ ၅ သန်းအထိ ရှိခဲ့သည်။ အရှေ့တောင်အာရှတွင် ရေချိုငါး ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ ငါးထုတ်လုပ်မှု စုစုပေါင်း၏ ၂၈ ရာခိုင်နှုန်း ခန့်ရှိကြောင်း စစ်တမ်းများက ဖော်ပြကြသည်။ ရေချိုငါးလုပ်ငန်းသည် လူဦးရေ ၁၅ သန်းအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကာ ငါးအစိုစားသုံးမှု၏ ၂၇ ရာခိုင်နှုန်းကိုလည်း ထောက်ပံ့လျက်ရှိသည်။
လူဦးရေထူထပ်လာခြင်း၊ စီးပွားရေး ကျပ်တည်းလာခြင်းနှင့် အလွန်အကျွံ ဖမ်းဆီးမှုများရှိနေခြင်းတို့ကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များသာမက မြန်မာ့ ပင်လယ်ပြင်၌လည်း ငါးဖမ်းဆီးရမိမှု တစ်နှစ်ထက်တစ်နှစ် လျော့နည်းလျက် ရှိသည်။ ပြည်တွင်း၌ ငါး၊ ပုစွန် ကုန်ကြမ်း ရှားပါးမှုကြောင့် ရေလုပ်ငန်းစက်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပို့ကုန်မြှင့်တင်ရန်အတွက် အခက်အခဲအချို့ရှိလာသည်။
အင်း၊ အိုင်၊ မြစ်၊ ချောင်းများ တိမ်ကောလာခြင်း၊ စိုက်ပျိုးမြေနှင့် မြို့ပြ ကျေးရွာများတိုးချဲ့ခြင်း၊ ငါးမျိုးသုဉ်းစေ နိုင်သည့် နည်းလမ်းများဖြင့် ဖမ်းဆီးခြင်း၊ ငါးများပေါက်ပွားကြီးပြင်းရာ နေရာများ နှင့် ရေဝေရေလဲသစ်တောများ ပျက်စီး ခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းတို့က ရေချိုငါးထုတ်လုပ်မှုကို ယုတ်လျော့စေ သည်။ ငါးသယံဇာတများ ရေရှည်တည်တံ့ ရေးသည် လူသားများ၏ စားနပ်ရိက္ခာ ဖူလုံရေးအတွက်သာမက လူမှုစီးပွားဖွံ့ဖြိုး ရေးအတွက်ပါ အထောက်အကူဖြစ်စေ သဖြင့် ငါးသယံဇာတများ မပြုန်းတီး စေရန် ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ပေးကြရမည်ဖြစ်သည်။
အင်း၊ အိုင် ဧရိယာများအတွင်း၌ ရှိသည့် ငါးနေထိုင်တောများကို ခုတ်ထွင် ရှင်းလင်းပြီး လယ်ယာနှင့် အခြားစိုက်ပျိုး မြေများ တိုးချဲ့ဆောင်ရွက်လာခြင်းများ ကြောင့် ငါးများနေထိုင်ပေါက်ပွားစရာ ရှားပါးလာကာ မျိုးပွားမှုနှုန်းလည်း ကျဆင်းလာလျက်ရှိကြောင်း သိရသည်။ အင်းရေပြင်များနှင့် တစ်ဆက်တစ်စပ် တည်းရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ တွင် အသုံးပြုနေကြသော ပိုးသတ်ဆေး အမျိုးမျိုး၊ ပေါင်းသတ်ဆေးအမျိုးမျိုးတို့ကြောင့်လည်း ငါးသယံဇာတများ သေကျေ ပျက်စီးဆုံးရှုံးကြရသည်။ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် တောင်သူများအနေဖြင့် ပိုးသတ်ဆေး သုံးစွဲရာတွင် ငါးဆေးခတ်ခြင်းမျိုး သဘောကို ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ်သော်လည်း ဆက်စပ်ဖြစ်ပေါ်မှု အခြေအနေများကြောင့် ငါးများသေကျေ ပျက်စီးမှုများလည်းရှိနိုင်ကြောင်း သိရသည်။ မျိုးငါးကြီးများ “ဥ” ချ သားပေါက် ချိန် (ငါးရစ် ငါးသန်ချိန်) များတွင် ရေလုပ်သားကြီးများ၏ မဆင်မခြင် ငါးဖမ်းဆီးမှုများကြောင့်လည်း ငါးသား ပေါက်ပွားနှုန်းများကို ကျဆင်းစေသည်။
ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးခြင်း
ငါးသယံဇာတပြုန်းတီးမှုကို အဓိက ခြိမ်းခြောက်နေသည်မှာ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးခြင်းဟုခေါ်သည့် “ကျဉ်စက်”ကို အသုံးပြုပြီး တရားမဝင် ငါးဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ကျဉ်စက်ဖြင့် ငါးဖမ်းဆီးခြင်းကြောင့် ရေပေါ်ရေအောက်တွင် ရှိကြသည့် ငါးကြီး၊ ငါးလေးနှင့် အရွယ်မရောက်သေးသည့် ငါးကလေး များပါ သေကျေပျက်စီးဆုံးရှုံးရသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေကြောင်း သိရသည်။ ကျဉ်စက်ထိပြီး မသေဘဲ ကျန်ခဲ့သော ငါးများတွင် မျိုးငါးအထီးကြီးများနှင့် အမများသည် နောက်ထပ်မျိုးပွားဖို့၊ သန္ဓေအောင်ဖို့ မလွယ်ကူတော့ပေ။ အခြားအရွယ်များတွင်မူ အရိုး၊ အကြောများ ထိခိုက်ပြီး ကျန်းမာသန်စွမ်းသည့် ငါးများ ဖြစ်မလာနိုင်တော့ကြောင်းနှင့် ကျဉ်စက်ကို အသုံးပြုသူအတွက်လည်း အခန့်မသင့်ပါက အသက်ပါဆုံးရှုံးနိုင်ကြောင်း သိရသည်။ ကမ္ဘာက အသိအမှတ်ပြုထားသည့် ရေနေနို့တိုက် သတ္တဝါဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ် လုနီးပါးစာရင်းဝင် ဧရာဝတီလင်းပိုင်များသည်လည်း ကျဉ်စက်ဒဏ်ကြောင့် နှစ်စဉ်သေဆုံးနေသည်ကို ဝမ်းနည်းဖွယ် ကြုံတွေ့နေရသည်။
ငါးမျိုးစိုက်ထည့်ခြင်းများ လုပ်ဆောင်
ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ငါးလုပ်ငန်းကဏ္ဍ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ငါးလုပ်ငန်း ဦးစီးဌာန တစ်ခုတည်းဖြင့် ပြီးပြည့်စုံစွာ မလုပ်ဆောင်နိုင်ဘဲ သက်ဆိုင်ရာဒေသ အာဏာပိုင်များ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ရေလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်။ မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတန်းနှင့်နီးကပ်သည့် ဒေသများမှလွဲ၍ ကျန်ဒေသအားလုံးမှာ ရေချိုငါး၊ ပုစွန်များကိုသာ အဓိကစားသုံးကြသည်ဖြစ်ရာ တာဝန်ရှိသူများအနေဖြင့် ရေချိုငါးထုတ်လုပ်မှု မြင့်တက်လာရေးအတွက် ပိုမိုကောင်းမွန်သည့် အစီအစဉ် များ ချမှတ်သင့်သည်။ ထို့အပြင် ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုး ပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် သဘာဝ ရေချိုရေပြင်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့စေရေး တို့အတွက် ဒေသအသီးသီးရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း သတ်မှတ်ရာသီ၌ ငါးမျိုးစိုက်ထည့်ခြင်း များကိုလည်း ဟန်ချက်ညီလုပ်ဆောင် ရန် လိုအပ်နေသည်။ မြန်မာ့ငါးသယံ ဇာတများ ရေရှည်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး ကို အထောက်အကူပြုစေမည် ဖြစ်သည်။
ငါးသယံဇာတများ ရေရှည်တည်တံ့ ရေးသည် လူသားများ၏ စားနပ်ရိက္ခာ ဖူလုံရေးအတွက်သာမက လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက်ပါ အထောက်အကူ ဖြစ်စေသည်ဖြစ်ရာ ငါးသယံဇာတများ မပြုန်းတီးစေရန် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ ငါးသယံဇာတများကို လျော့နည်းစေသည့် အကြောင်းရင်းများစွာအနက် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ရသည့် အကျိုးဆက်ကို မကုစားနိုင်သော်လည်း လူ့ပယောဂကြောင့် ဖြစ်ပေါ်စေသည့် ကိစ္စရပ်များကိုမူ မဖြစ်မနေ တားဆီးကာကွယ်ရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။ ။