၁၅ ဇန်နဝါရီ
မဟာသကျ အတုလမာရ်အောင်ဘွဲ့တော်ဆောင်သော ငါးထပ်ကြီးမြတ်စွာဘုရား၏ (၁၁၈) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ စာရေးတံမဲ ငွေပဒေသာပင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီက အဆိုပါ ဘုရားရင်ပြင်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် ငါးထပ်ကြီးဘုရား၏ ဂေါပကအဖွဲ့ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တနန္ဒိယ ငါးထပ်ကြီးကျောင်းတိုက် ဓမ္မပါလကျောင်း ဆရာတော် ဘဒ္ဒန္တ ဥက္ကံသ ဝေဇယန္တာ ကျောင်းတိုက်ဆရာတော် ဦးပညာဇောတ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် သာသနာ့ဝေပုလ္လ ကျောင်းဆရာတော် ဘဒ္ဒန္တ ဝိဇ္ဇောအာဝေ အပါအဝင် ပင့်သံဃာ အပါး ၆၀ တို့အား ဘုရားအနေကဇာတင် ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
ရှေးဦစွာ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တနန္ဒိယထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပင့်သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်နေ့မှ ဇန်နဝါရီလ ၁၉ ရက် အထိ (၅) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ စာရေးတံမဲ ငွေပဒေသာပင်များနှင့်တကွ နဝကမ္မဝထ္တုပစ္စည်း၊ ဆွမ်းဆန်စိမ်း လောင်လှူခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)