ခြူးစန္ဒီနွေး
ဒီနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကနေ ရရှိသွားတာ အားလုံးအသိပါပဲ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အဖွဲ့ကြီးဟာ ဆာလောင်ငတ်မွတ်မှု မှ ကင်းဝေးစေရေး အစားအသောက်ဖူလုံရေးတို့အတွက် ဦးစားပေးလုပ်ကိုင်တဲ့ အဖွဲ့အစည်းကြီးဆိုရင်လည်း မမှားပါဘူး။
ပိုမိုဆိုးရွားဖွယ်ရှိ
အခုဆိုရင်တော့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ ကြီးကနေ ကမ္ဘာပေါ်မှာရှိတဲ့ ခေါင်းဆောင်တွေကို စားနပ် ရိက္ခာအခက်အခဲနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ သတိ ပေးပြောကြားခဲ့ပါတယ်။
ဘီလီယံနဲ့ချီတဲ့ ရန်ပုံငွေတွေ မရှိဘူးဆိုရင် စားနပ် ရိက္ခာ အခက်အခဲဟာ ယခုနှစ်ထက် လာမယ့်နှစ် ၂၀၂၁ ခုနှစ်မှာ ပိုမိုဆိုးရွားဖွယ်ရှိပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ သဘာဝဘေး၊ ပဋိပက္ခဖြစ်ပွားရာနေရာနဲ့ ဒုက္ခသည်စခန်းတွေမှာ ကူညီမှု၊ တစ်ခါတစ်ရံ သန်းနဲ့ချီတဲ့ ဆာလောင်နေတဲ့သူတွေကို အကူအညီပေးနိုင်ဖို့ ဝန်ထမ်းတွေ ဘေးအန္တရာယ်ကြားထဲက စွန့်စားလုပ်ဆောင်မှုအစရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေကို နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီက စောင့်ကြည့်ခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဒေးဗစ် ဘီစလီက အေပီ သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ ပါတယ်။ အခုအချိန်ထိ အခက်ခဲဆုံးအပိုင်းတွေ ရောက် မလာသေးပါဘူး။ အခြေအနေတွေ ပိုပြီးဆိုးလာနိုင်တယ် လို့ သတိပေးခဲ့ပါတယ်။
မျက်စိတစ်မှိတ်အတွင်း ဖြစ်လာနိုင်
တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်- ၁၉ ရောဂါနဲ့ အမေရိကန်ရွေးကောက်ပွဲ သတင်းတွေသာ လွှမ်းမိုးနေချိန် မှာ ငတ်မွတ်ခေါင်းပါးမှုဟာ ၂၀၂၁ မှာ အခြေအနေပိုဆိုး လာနိုင်တယ်လို့ ဘီစလီက သတိပေး ပြောကြားခဲ့ပါတယ်။
နောက်ပြီး ဧပြီလအတွင်းတုန်းကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစားအသောက် ဖူလုံရေးနဲ့ ပတ်သက်ပြီး ဘီစလီက “အခုအချိန်မှာ လူတွေဟာ ကိုဗစ်- ၁၉ ကိုသာ အာရုံစိုက်နေကြပြီး အစားအသောက် ငတ်မွတ်မှု ကပ်ရောဂါဘေးဟာလည်း မျက်စိတစ်မှိတ် အတွင်းမှာ ဖြစ်လာနိုင်တယ်’’လို့ ပြောကြားခဲ့ပါတယ်။ တကယ်လို့များ ချက်ချင်းအရေးတယူ ဆောင်ရွက်မှုတွေမလုပ်နိုင်ဘူးဆိုရင် လအနည်းငယ်အတွင်းမှာပဲ ငတ်မွတ် ခေါင်းပါးမှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြော ပါတယ်။
ရှောင်လွှဲလို့ရနိုင်သေး
၂၀၂ဝ မှာတော့ ဒီကပ်ဘေးကနေ ရှောင်ရှားနိုင်ပါသေး တယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ငွေကြေးထောက်ပံ့မှု၊ အကြွေးဆိုင်းငံ့ပေးမှုတွေနဲ့ အကူအညီ အထောက်အပံ့တွေ ပေးနေသေးတဲ့အတွက် ရှောင်လွှဲလို့ ရနိုင်ပါသေးတယ်။ အခုအခါမှာတော့ ကိုဗစ်- ၁၉ ကူးစက် မှုတွေဟာလည်း ကမ္ဘာအနှံ့မှာ ပြန်လည်ခေါင်းထောင် လာပြီ။ ဝင်ငွေနိမ့်တဲ့နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ်သာ ရှိတဲ့ နိုင်ငံတွေမှာ စီးပွားရေးဟာလည်း ဆက်လက် ကျဆင်းနေတုန်းပဲ။ ဒီလိုအချိန်ကာလမျိုးမှာ ကူးစက်မှု တွေ ပြန်လည်မြင့်မားလာတဲ့အတွက် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေနဲ့ စီးပွားရေးလုပ်ငန်းတချို့ ပိတ်ထားရမှုတွေ မလွှဲမရှောင်သာ လုပ်ဆောင်နေရတယ်။ နောက်ထပ်အချက် တစ်ချက်ကတော့ ၂၀၂ဝ မှာ ရရှိနေတဲ့ ငွေကြေးအတိုင်း၂၀၂၁ မှာ ရနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။
ရှင်းပြဖို့အချိန်ပိုရ
ဒါကြောင့် နိုဘယ်ဆုရဲ့ အရှိန်အဝါတွေကို အသုံးပြုပြီး နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ပါလီမန်မှာ စကား ပြောခွင့်ရဖို့ ကြိုးစားလာရပါတယ်။ လာမယ့် ၁၂ လ ဒါမှ မဟုတ် ၁၈ လအတွင်းမှာ အစားအသောက်ဖူလုံမှု အခက်အခဲနဲ့ မတွေ့နိုင်ဘူးဆိုတာ ဘယ်သူမှ မပြောနိုင် ဘူးလို့ သူက ဆက်ပြောပါတယ်။
အခုအချိန်မှာတော့ လူတိုင်းလူတိုင်းဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုရထားတဲ့အဖွဲ့အစည်းနဲ့ တွေ့ချင်နေပါတယ်။ အရင်တုန်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးစကားပြောဖို့ ၁၅ မိနစ်သာရပေမယ့် အခုအခါမှာတော့ ၄၅ မိနစ်အထိ အချိန်ရလာပြီ။ ဒါကြောင့် လာမယ့်နှစ်ဆိုရင် အစား အသောက်နဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်၊ ခေါင်းဆောင်တွေအနေနဲ့ ဦးစား ပေး အစီအစဉ်တွေ ပြုလုပ်သင့်တယ်ဆိုတာကို ရှင်းပြဖို့ အချိန်ပိုရလာတယ်လို့ သူက ဆက်ပြောပါတယ်။
၁၅ ဘီလီယံလိုအပ်
အခုအချိန်မှာ အမှန်တကယ်ဂရုစိုက်ဖို့ လိုအပ်နေတဲ့ အချက်တွေကတော့၊ အစာရေစာရှားပါးခြင်း၊ ငတ်မွတ် ခေါင်းပါးခြင်း၊ မတည်မငြိမ်ဖြစ်မှုနဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းခြင်းတို့ပဲ ဖြစ်တယ်လို့ ဘီစလီက ပြောပါတယ်။
လာမယ့်နှစ်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ လိုအပ်တဲ့ ရန်ပုံငွေကတော့ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံပါ။ ငါးဘီလီယံကိုတော့ အစားအစာငတ်မွတ်မှု ဘေးမှ ရှောင်ရှားနိုင်ဖို့ အသုံးပြုမှာဖြစ်ပြီး ကျန်တဲ့ ၁ဝ ဘီလီယံကိုတော့ အဖွဲ့ကြီးရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွေမှာ အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။
အာဟာရချို့တဲ့တဲ့ ကလေးတွေအတွက် ထောက်ပံ့ ပေးတာ၊ ကျောင်းနေ့လယ်စာအတွက် ကူညီပေးတာ အစရှိတဲ့ လုပ်ငန်းတွေမှာ အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။ အကယ်၍ ပုံမှန်ရရှိနေတဲ့ ထောက်ပံ့မှုငွေကြေးထက် နှစ်ဆပိုပြီးရခဲ့မယ်ဆိုရင် ငတ်မွတ်ခေါင်းပါးမှုကပ်ကနေ ရှောင်လွှဲနိုင်မှာဖြစ်ပြီး မတည်မငြိမ်ဖြစ်မှုတွေနဲ့ ရွှေ့ပြောင်း နေထိုင်မှုပြဿနာကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
လုံလောက်တဲ့ ပိုက်ဆံမရှိ
အစိုးရတွေဆီက အလှူငွေပိုမိုရရှိဖို့ မျှော်လင့် ချက်အပြင် နောက်ထပ်ရည်မှန်းချက်တစ်ခုကတော့ ဘီလျံနာတွေဆီကပါ အကူအညီရရှိဖို့ပါပဲ။ ဧပြီလအတွင်း ကဆိုရင် လူဦးရေ ၁၃၅ သန်းဟာ ဆာလောင်မှုဘေးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကိုဗစ်- ၁၉ ကြောင့် နောက်ထပ် လူသန်း ၁၃ဝ ကို ၂၀၂ဝ နှစ်ကုန်ပိုင်းမှာ ငတ်မွတ်မှုဘေးသို့ ရောက်အောင် တွန်းပို့နိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေအရ သိရပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရုံးတည်ရှိရာ ရောမမြို့မှာ နိုဝင်ဘာ ၁၁ ရက်က အင်တာဗျူးပြုလုပ်ခဲ့ပြီး ယခုနှစ် အတွက်ငတ်မွတ်မှုဘေးကနေ ရှောင်ရှားနိုင်ပြီလို့ ဘီစလီ ကပြောပါတယ်။ ဒါပေမယ့် ဆာလောင်မှုနဲ့ကြုံတွေ့ရတဲ့လူအရေအတွက်ကတော့ သန်း ၂၇၀ အထိ တိုးလာတယ်လို့ ဆက်ပြောပါတယ်။
ငတ်မွတ်မှုအခြေအနေဘေးကို ဝင်ရောက်လာနိုင်ခြေ ရှိတဲ့ နိုင်ငံ သုံးဒါဇင်လောက်ရှိပြီး အဲဒီအရေးကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် လုံလောက်တဲ့ပိုက်ဆံမရှိဘူးလို့ ဘီစလီ က ပြောပါတယ်။
အခြေအနေဆိုးရွားဖွယ်ရှိ
နိုင်ငံပေါင်း ၂၀ မှာ အစားအသောက်ဖူလုံမှု မရှိခြင်း နဲ့ ကြုံတွေ့လာနိုင်တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာ နဲ့ စိုက်ပျိုးရေး အဖွဲ့အစည်းနဲ့ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ်တို့ အောက်တိုဘာလအတွင်း ပူးတွဲပြုလုပ်တဲ့ လေ့လာမှုအရ သိရပါတယ်။
ယီမင်၊ တောင်ဆူဒန်နဲ့ နိုင်ဂျီးရီးယား အရှေ့ မြောက်ပိုင်း၊ ဘာကီနာဖာဆိုတို့ရဲ့ တချို့သောနေရာတွေ မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ တခြားသောမတည်ငြိမ်မှု တွေကြောင့် ဆာလောင်မှုအခြေအနေနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။
လာမယ့်လတွေအတွင်း အခြေအနေပိုမိုဆိုးရွားပြီး ငတ်မွတ်မှု အခြေအနေအထိ ဆိုးရွားသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
စိုးရိမ်ရတဲ့နှစ်တစ်နှစ်
နောက်ထပ် ဂရုစိုက်ဖို့လိုအပ်နေတဲ့ နိုင်ငံတွေက တော့ အာဖဂန်နစ္စတန်၊ ကွန်ဂို၊ အီသီယိုပီးယား၊ နိုင်ဂျာ၊ ဆီယာလီယွန်၊ ဆိုမာလီ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ဇင်ဘာဘွေနိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။
အခုဆိုရင် ဝင်ငွေနိမ့်တဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ် အလတ်ရှိတဲ့နိုင်ငံတွေအပေါ် အကြွေးရွှေ့ဆိုင်းထားမှုဟာ ဇန်နဝါရီဆိုရင် သက်တမ်းကုန်တော့မှာပါ။ ကိုဗစ်- ၁၉ ကြောင့် ပိတ်ဆို့ထားရမှုတွေကလည်း ပြန်မဖွင့်နိုင်သေး ပါဘူး။ ဒါကြောင့် စီးပွားရေးဟာလည်း အခြေအနေ ကောင်းမလာဘဲ ၂၀၂၁ ခုနှစ်ဟာ အလွန်စိုးရိမ်ရတဲ့နှစ် တစ်နှစ် ဖြစ်လာတော့မှာပါ။ ။
ဝါရှင်တန်ပို့စ်
မြန်မာ့အလင်း