ရေနံ့သာမောင်ကျော်ညွန့်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် စတင်ပြီ။ အခြေခံ ပညာကျောင်းများမှ ခေါင်းလောင်းသံများ လွင့်ပျံ့ နေပြီ။ မေလတတိယပတ်တွင် ကျောင်းအပ်နှံရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဇွန်လဆန်းကျောင်းဖွင့် သည်နှင့်တစ်ပြိုင်နက် သင်ကြားသင်ယူမှုလုပ်ငန်း များ ဟန်ချက်ညီညီ စတင်ဆောင်ရွက်နေပြီဖြစ် သည်။
ကျောင်းအပ်နှံရေးနေ့
ကျွန်တော်ငယ်စဉ်က ကျောင်းအပ်သည့်နေ့ကိုပြန်လည်မြင်ယောင်နေမိသည်။ ကျွန်တော်ငယ်စဉ် က မူလတန်းပညာကို ရွာဦးဘုန်းတော်ကြီးကျောင်း အောက်မှာပင် စာသင်ခဲ့ရသည်။ မူလတန်းကျောင်း ဟူ၍ သီးခြားမရှိသေးချိန်ဖြစ်သည်။ နွေရာသီ ကျောင်းပိတ်ရက်ကုန်ဆုံးသည့် ပညာသင်နှစ်အစ ကျောင်းဖွင့်ရက်သည် ရွာဓလေ့အရ သတ်မှတ်ထား သော ကျောင်းအပ်နှံရေးနေ့ဖြစ်သည်။
ထိုနေ့တွင် ဦးကြီး၊ ဒေါ်ကြီး၊ အဖေ၊ အမေအစရှိ သည့် အုပ်ထိန်းသူတို့က သားသမီးမြေးမြစ်ဖြစ်သူ များကို ခေါ်ဆောင်လာကြသည်။ ကျောင်းအပ် လက်ခံရာနေရာတွင် ရွာဦးကျောင်းဆရာတော် ဦးအာစာရနှင့် တစ်ဦးတည်းသင်ကြားပေးနေ ရသည့် ဆရာကြီး ဦးသာအေးပါ ရှိနေကြသည်။ ကျောင်းအပ်နှံရန်လာရောက်ကြသူများက တဖွဲဖွဲ ရောက်လာကြသည်။ ရောက်သည်နှင့်တစ်ပြိုင်နက် ဆရာတော်ကို ဦးချကန်တော့ကြသည်။ ဆရာတော် ကို ဦးချကန်တော့ပြီးမှ ဆရာကြီး ဦးသာအေးထံ စာရင်းပေးသွင်းကြသည်။
“တပည့်တော်ရဲ့ကလေးကို ဆရာတော်ထံ လည်း အပ်နှံပါတယ်။ ဆရာကြီးကိုလည်း အပ်နှံပါ တယ်။ ဆုံးမစရာရှိရင် အားမနာတမ်းဆုံးမပါ။ မကျိုးမကန်းရင်ပြီးရော။ ရိုက်ဖို့လိုလည်း ရိုက်ပါ” ဟူ၍ ကျောင်းအပ်နှံလာကြသူတိုင်းက ဆရာတော် ကို လျှောက်ထားကြသည်။ ဆရာကြီးကိုလည်း ဝန်ခံကတိပေးကြသည်။
ဆရာတော်က ကျွန်တော်တို့မူလတန်း ကျောင်းသား ကျောင်းသူများကို ဘာသာရေး အဆုံး အမများ သင်ကြားပေးသည်။ ဆရာကြီး ဦးသာအေး ကလည်း အတန်းလိုက်သင်ခန်းစာများကိုသာမကယဉ်ကျေးလိမ္မာသင်ခန်းစာများကိုပါ သင်ကြားပေး သည်။
“ကျောင်းသား ကျောင်းသူအချင်းချင်း ချစ်ချစ် ခင်ခင်နေရမည်။ ရန်မဖြစ်ရ။ ယဉ်ယဉ်ကျေးကျေး ပြောဆိုရမည်။ မဆဲမဆိုရ။ နူးညံ့သိမ်မွေ့ရမည်။ ညစ်ညမ်းသောစကားနှင့် ကြမ်းတမ်းသောစကားကို မပြောရ။ အနေအထိုင်သိမ်မွေ့ရမည်။ ရိုင်းရိုင်း စိုင်းစိုင်းမနေရ။ ထောက်ထားငဲ့ညှာ ကိုယ်ချင်းစာ ရမည်။ နိုင်ထက်စီးနင်းမပြုရ။ ရိုင်းပင်းကူညီရမည်။ ရေသာမခိုရ။ ကျောင်းတက်မှန်ရမည်။ ကျောင်း မပြေးရ” ဟူ၍ ဆရာတော်နှင့် ဆရာကြီးတို့က စည်းကမ်းသတ်မှတ်ထားသည်။
စည်းကမ်းသတ်မှတ်ထားခြင်း
ဆရာတော်နှင့်ဆရာကြီးတို့က ကျောင်းသား ကျောင်းသူအချင်းချင်း ရန်ဖြစ်ခြင်း၊ ဆဲဆိုခြင်း၊ ညစ်ညမ်းသောစကားကို ပြောဆိုခြင်း၊ ရိုင်းရိုင်း စိုင်းစိုင်းနေထိုင်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်း၊ ရေသာခိုခြင်း၊ ကျောင်းတက်မမှန်ခြင်း၊ ကျောင်းပြေး ခြင်းတို့ကို မကြိုက်မနှစ်သက်ကြပေ။ ထို့ကြောင့် စည်းကမ်းသတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုစည်းကမ်းထဲမှ တစ်ခုခုကို ဖောက်ဖျက်ကျူးလွန် ပါက ဒဏ်ပေးခံရမည်ဖြစ်သည်။
စည်းကမ်းမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန် သူ မည်သူ့ကိုမဆို ကျောသားရင်သား မခွဲခြားပေ။ ဆရာတော်နှင့် ဆရာကြီးတို့က ထိုက်သင့်သော ဒဏ်ပေးသည်။ အမှိုက်လှည်းခိုင်းခြင်း၊ အမှိုက် ကောက်ခိုင်းခြင်း၊ သောက်ရေအိုးဆေးကြောခိုင်း ခြင်း၊ သောက်ရေအိုး ရေဖြည့်ခိုင်းခြင်း၊ နားရွက် ဆွဲပြီး ထိုင်ထဆယ်ကြိမ် လုပ်ခိုင်းခြင်းတို့သည် ဆရာတော်နှင့် ဆရာကြီးတို့က သမားရိုးကျပေးသော ဒဏ်များဖြစ်သည်။ ရံဖန်ရံခါတွင်မူ ကရုဏာ ဒေါသောနှင့် ကြိမ်းမောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငေါက်ငမ်းခြင်း၊ ရိုက်နှက်ခြင်းဖြင့် ဆုံးမတတ် သည်။
ဆရာတော်နှင့် ဆရာကြီးတို့က မည်သို့ဆုံးမ သည်ဖြစ်စေ ဆုံးမခြင်းခံရသည့် ကျောင်းသား ကျောင်းသူရော မိဘနှင့် အုပ်ထိန်းသူများကပါ ကျေနပ်ကြသည်။ ဆရာတော်နှင့် ဆရာကြီးတို့ က ရန်လိုဒေါသဖြင့် မုန်းတီးသောကြောင့် ဆိုဆုံးမ ခြင်းမဟုတ်ဘဲ ကရုဏာဒေါသောဖြင့် ရေရှည် ကောင်းကျိုးလိုလားသောကြောင့် ဆိုဆုံးမခြင်း ဖြစ်သည်ကို နားလည်ကြသည်။ ထိုစဉ်က ဆရာတော်နှင့် ဒကာဒကာမများဆက်ဆံရေး၊ ဆရာတော်နှင့် တပည့်များဆက်ဆံရေး၊ ဆရာကြီး နှင့် တပည့်များ ဆက်ဆံရေး၊ ဆရာကြီးနှင့် မိဘတို့ ၏ ဆက်ဆံရေးသည် အဖုအထစ်မရှိ။ ပြေပြစ်လှ၏။
ဆုံးမပဲ့ပြင်ပေးခြင်း
ဆရာတော်နှင့် ဆရာကြီးတို့ကလည်း တပည့် တို့ ရှေ့ရေးကိုတွေးပြီး “ရိုင်းသည်ကို ယဉ်အောင်၊ မှားသည်ကို မှန်အောင်၊ မိုက်သည်ကို လိမ္မာအောင်၊ ကြမ်းတမ်းသည်ကို ပျော့ပျောင်းအောင်၊ ခက်ထန် သည်ကို နူးညံ့သိမ်မွေ့အောင်၊ တိမ်းစောင်းနေသည် ကို တည့်မတ်အောင် ” ဆုံးမပဲ့ပြင်ပေးခြင်းသာ ဖြစ်သည်။ ထိန်းကျောင်းပေးခြင်းသာဖြစ်သည်။ အဆုံးအမအသားကျမှလည်း လူကောင်းလူတော် ဖြစ်မည်မဟုတ်ပါလော။
ငယ်စဉ်အတိတ်ကာလ သတိရရင်း မျက်မှောက် ကာလက အထင်းသားပေါ်လာပြန်သည်။ ယခု ကာလ ကျောင်းအပ်နှံရေးနေ့ မြင်ကွင်းသည် ကြည်နူးချမ်းမြေ့စရာကောင်းလှသည်။ မိဘများ အနေဖြင့် သားသမီးတို့ ကျောင်းအပ်နှံရေးအတွက် ပူပန်စရာမလိုတော့ပေ။ နိုင်ငံတော်က “ကျောင်းနေ အရွယ်အားလုံး ကျောင်းနေရေး” စီမံချက်ဖြင့် စီမံဆောင်ရွက်ပေးနေပြီဖြစ်သည်။
ကျောင်းဝင်ကြေး၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေး စသည့် ခေါင်းစဉ်အမျိုးမျိုးနှင့် ကောက်ခံလေ့ရှိသော ကြေးဟူသမျှ ဘာကြေးညာကြေးမျှမပေးရ။ ကင်းလွတ်ခွင့်ရကြ၏။ ကျောင်းအပ်နှံလာသူများကို အတန်းလိုက် ပြဋ္ဌာန်းစာအုပ်အစုံ၊ ဗလာစာအုပ်၊ ခဲတံ အခမဲ့ပေးဝေသည်။ ထို့ပြင် မူလတန်း ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံ ကိုပါ အခမဲ့ပေးဝေနေပြီ။
ထိုမျှမကသေး။ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိ ရုပ် ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ပေးနေသလို ကျောင်းများ အဆင့်တိုးမြှင့်ပေးခြင်း၊ ကျောင်းဆောင် သစ်များ ဆောက်လုပ်ပေးခြင်း၊ သိပ္ပံခန်းသုံးပစ္စည်း များ ဖြည့်ဆည်းပေးခြင်း၊ အားကစားသုံးပစ္စည်း များ ပံ့ပိုးပေးခြင်း၊ ကျောင်းစာကြည့်တိုက်များ တည်ထောင်ပေးခြင်း စသည်တို့ကို အင်နှင့်အားနှင့် ဆောင်ရွက်ပေးနေသည်။
ထိုသို့နိုင်ငံတော်က ပညာရေးအတွက် ရင်းနှီး မြှုပ်နှံပေးနေခြင်းသည် ယနေ့လူငယ်မောင်မယ်များ ကို အနာဂတ်ကာလတွင် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းစေချင်သည့် စေတနာအရင်းခံဖြစ်ပါသည်။ ယနေ့ကျောင်းနေအရွယ် လူငယ်မောင်မယ်များကို နိုင်ငံ့သားကောင်းဖြစ်အောင် သင်ကြားလေ့ကျင့် မွေးမြူပေးမှသာ အနာဂတ်အတွက် စိတ်အေးရမည် မဟုတ်ပါလော။ အမျိုးသားရေးအမွေ စွဲတည်နေ သော နိုင်ငံ့သားကောင်းများကသာလျှင် အမျိုး ဘာသာ၊ သာသနာစည်ဝေဖွံ့ဖြိုးတိုးတက်အောင်ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ပါလော။
မိဘဆရာပူးပေါင်း ကလေးပညာကောင်း
ယနေ့ ကျောင်းနေအရွယ် လူငယ်မောင်မယ်များ ကို နိုင်ငံ့သားကောင်းသမီးမွန်များ ဖြစ်အောင် သင်ကြားလေ့ကျင့်ပေးရမည့် အဓိကအခရာကျ သူများမှာ မိဘနှင့် ဆရာ ဆရာမ တို့ဖြစ်ကြသည်။
မိဘတို့မှာလည်း တာဝန်ကြီးပါသည်။ တာဝန် ရှိပါသည်။ ဆရာ ဆရာမတို့မှာလည်း တာဝန်ကြီးပါ သည်။ တာဝန်ရှိပါသည်။ တာဝန်ကြီးသူ တာဝန်ရှိသူ မိဘများနှင့် ဆရာ ဆရာမတို့ ပူးပေါင်းလက်တွဲ ဆောင်ရွက်မှသာလျှင် တပည့်မောင်မယ်တို့၏ နောင်ရေး စိတ်အေးကြရမည်ဖြစ်ပါသည်။ “မိဘ ဆရာပူးပေါင်း ကလေးပညာကောင်း” ဟုဆိုသည် မဟုတ်ပါလော။
မိဘတို့သည် ကျောင်းနေအရွယ် သားသမီးများ ကို မိဘတို့ဝတ္တရားငါးပါးအနက်မှ “လမ်းလွဲလမ်းမှား ရောက်စေမည့် မကောင်းတာ၊ မသင့်တော်တာ၊ မလျော်ကန်တာ ဟူသမျှကို တားမြစ်ရန်၊ လမ်းမှန် ပေါ်ရောက်အောင် ကောင်းရာမွန်ရာများကို လမ်းညွှန်ပေးရန်၊ သားသမီးများကျောင်းနေအရွယ် မလွန်မီ ကျောင်းသို့အပ်နှံပြီး ပညာသင်ယူစေရန်” တာဝန်သည် အရေးကြီးလှပေသည်။
ထို့အတူ ဆရာ ဆရာမတို့သည်လည်း မိမိထံ မှောက်ရောက်ရှိလာသော ကျောင်းနေအရွယ် တပည့်မောင်မယ်များကို “အသိပညာအတတ်ပညာ များ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြား လေ့ကျင့်ပေးရန်၊ လမ်းမှားမရောက်အောင်ဆုံးမ ပဲ့ပြင်သွန်သင်ပေးရန်၊
ဆရာသားမချန်ဘဲ သင်ကြားလေ့ကျင့်ပေးရန်၊ တပည့်မောင်မယ်တို့၏ ကောင်းကျိုးကို ရှေးရှုပြီး ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ်ဟူသမျှကို တားဆီးကာကွယ်ပေးရန်၊ တပည့်မောင်မယ်တို့နှင့် သင့်လျော်မည့် အသက်မွေးဝမ်းကျောင်း လမ်းကြောင်းပေါ်သို့ရောက်အောင် လမ်းညွှန် ပေးရန်” တာဝန်သည်အရေးကြီးလှ၏။
မိဘနှင့် ဆရာ ဆရာမတို့တွင်ရှိနေသည့် တာဝန်များကို မိဘနှင့် ဆရာ ဆရာမတို့က လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အချို့သော မိဘများနှင့် အချို့သော ဆရာ ဆရာမတို့ကြား၊ အချို့သော ဆရာ ဆရာမ များနှင့် အချို့သော ကျောင်းသား ကျောင်းသူတို့ ကြားတွင် မပြေပြစ်သော အဖုအထစ်ကလေးများ ရှိနေတတ်သည်။
ဆရာ ဆရာမတို့၏ ပြောဆိုဆုံးမမှုကို မနာယူ လိုသော ကျောင်းသား ကျောင်းသူများမှတစ်ဆင့် မိဘထံသို့ ကူးစက်သွားခြင်းဖြစ်ပေမည်။
ထိုထိုသော မပြေမပြစ် အဖုအထစ်များကြောင့် ဆရာ ဆရာမတို့ခမျာ ဆိုဆုံးမရန် မဝံ့မရဲဖြစ်လာ သည်။ ပြဿနာကြီးငယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ် ပူပန်လာသည်။ အချို့သော ဆရာ ဆရာမများက သင်ခန်းစာသင်ရုံသင်ပြီး ဆိုဆုံးမရန်ကိုမူ လျစ်လျူ ရှုထားလေတော့သည်။ ထိုမိဘများနှင့် ထိုဆရာ ဆရာမတို့ကြားတွင် အပြန်အလှန် နားလည်မှု လွဲမှားသောကြောင့် တပည့်ခမျာ ဆုံးမမနာဖြစ် ရရှာလေသည်။
ဆုံးမ မနာဖြစ်လာရသူများသည် ဘဝ လမ်းကြောင်း တိမ်းစောင်းသွားနိုင်သည်။ ရည်မှန်း ချက်မမြောက် ပန်းတိုင်ပျောက်သွားနိုင်သည်။ ဆုံးမနာသူများကသာလျှင် ဘဝလမ်းကြောင်း ဖြောင့်တန်းနေမည်။ ရည်မှန်းချက်မြောက် ပန်းတိုင်ရောက်နိုင်မည်။ “စာကိုလည်းသင် လူကို လည်းပြင်” ဟူသော စကားအတိုင်း စာသင်ပေး သည့်အပြင် သွန်သင်ဆုံးမပဲ့ပြင်ပေးကြရမည် ဖြစ်သည်။ သို့မှသာ မိဘတို့အတွက်သာမက နိုင်ငံတော်အတွက်ပါ အားကိုးအားထားပြုရသည့် နိုင်ငံ့သားကောင်း သမီးမွန်များ ဖြစ်ထွန်းလာမည် ကို မိဘများရော ဆရာ ဆရာမများပါ ကြီးစွာသတိ ချပ်သင့်လှပါကြောင်း တင်ပြအပ်ပါသည်။ ။