ခတ္တမန္ဒူ   အောက်တိုဘာ   ၈

နီပေါ အိမ်စောင့်အစိုးရက ပြည်သူများတောင်းဆိုသည့်အတိုင်း အကျင့်ပျက်ခြစားမှုကို အလေးပေးကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ယာယီဝန်ကြီးချုပ်၏ လက်ထောက်တစ်ဦးက ယနေ့ ပြောကြားသည်။

ယာယီဝန်ကြီးချုပ်၏ လက်ထောက်ဖြစ်သူ အာဂျယာခန်နယ်လ်က အင်တာဗျူးတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဂျယာ ခန်နယ်လ်သည် ဝန်ကြီးချုပ် ရှာမာအိုလီ နုတ်ထွက်ပြီးနောက် ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသော ဆူရှီလာကာကီ၏ အကြံပေးအရာရှိတစ်ဦးဖြစ်သည်။

ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွား၍  ၇၆ ဦး သေဆုံးပြီးနောက် ဝန်ကြီးချုပ် အိုလီ ရာထူးမှ နုတ်ထွက်ခဲ့သည်။

ယာယီအစိုးရအနေဖြင့် အဂတိလိုက်စားမှုပပျောက်ရေးနှင့် နိုင်ငံ၏ စီးပွားရေးကွာဟမှုများကို ဖြေရှင်းပေးရန်  ဆန္ဒပြသူများက  တောင်းဆိုခဲ့ကြသည်။

လာမည့် မတ်လတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ယာယီအစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ယာယီဝန်ကြီးချုပ် ဆူရှီလာကာကီက ပြောကြားသည်။

အစိုးရ၏ အဂတိလိုက်စားမှု  တိုက်ဖျက်ရေးအဖွဲ့ကို   ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပြီးနောက် အဂတိလိုက်စားသည်ဟု သံသယရှိသည့် နိုင်ငံရေးသမားများကို လာမည့်လတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် အစိုးရအနေဖြင့်  ယင်းသို့ ဆောင်ရွက်မှုများကို အလေးပေးလုပ်ဆောင်ရန် လုံလောက်သည့်အချိန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ထို့ပြင်  နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက်  အခြေခံအုတ်မြစ်တစ်ခုချမှတ်ရန် အစိုးရက လူငယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ယာယီဝန်ကြီးချုပ် ဆူရှီလာကာကီက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်