မန္တလေး ၂၄ မေ 


Covid-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း စားသောက်ရေးအခက်အခဲရှိကြသော နီပေါနိုင်ငံ ခတ္တမန္ဒူမြို့မှ ဆင်းရဲနွမ်းပါးသော မိသားစု(၂၀၀)တို့အား ဆန်နှင့် အခြားစားသောက်ဖွယ်ရာများအား မေ ၂၂ ရက်က IBEC နီပေါဌာနခွဲ အနာဂတ်ရောင်ခြည် IBEC အသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာပိယရတနမဟာရာဂျန်မိသားစုက ဦးစီးလျက် IBEC ဆရာတော်၏ကိုယ်စား လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့ပြင် အနာဂတ်ရောင်ခြည် IBEC အသင်းက မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် သရက်ကန်ကျေးရွာနေ မိသားစု (၂၅၀) တို့အား IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတဦးဆောင်၍ စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့ IBEC အနာဂတ်ရောင်ခြည်အသင်း စစ်ကိုင်းမှ ဦးဆောင်လျက် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်နှုန်းဖြင့် ထောက်ပံ့လှူဒါန်းခဲ့သည်။


အနာဂတ်ရောင်ခြည် IBEC အသင်းအား စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် မဟာသဒ္ဓမ္မဇောတိကဓဇ IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး Covid-19 ကာကွယ်ရေးလုပ်ငန်းများ၊ စားဝတ်နေရေးအတွက် ဆန်လှူဒါန်းမှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်လျက်ရှိသော နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ လှူဒါန်းကူညီပေးလျက်ရှိကြောင်း သိရသည်။


အနာဂတ်ရောင်ခြည် IBEC အသင်းအနေဖြင့် Covid-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသောကာလအတွင်း မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင် စားဝတ်နေရေးအခက်အခဲအတွက် ပြေလည်စေရန်အလို့ငှာ ဆန်များနှင့် စားသောက်ဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့် လှူဒါန်းလျက်ရှိပြီး ဆက်လက်၍လည်း လိုအပ်သောနေရာများတွင် လှူဒါန်းသွားမည်ဖြစ်ကြောင်း IBEC ဆရာတော်က မိန့်ကြားခဲ့ကြောင်း IBEC သတင်းနှင့်ပြန်ကြားရေးဌာနမှ သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)