ဒီဇင်ဘာ ၂
နီပေါနိုင်ငံတွင် ယမန်နေ့က တံတားတည်ဆောက်ရေးတွင် မြေပြိုမှုဖြစ်ပွားသဖြင့် ထိုတည်ဆောက်ရေးတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားငါးဦးသေဆုံးခဲ့သည်။
နိုင်ငံအနောက်ပိုင်း ရိုလ်ပါခရိုင်ရှိ ကြိုးတံတားတည်ဆောက်ရေးအတွက် မြေကျင်းတူးရန်အလုပ်သမားများစုဝေးနေချိန်တွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြေကျင်းတူးရန်စုဝေးနေသောအလုပ်သမားခုနစ်ဦးအနက် နှစ်ဦးမှာထိုနေရာမှထွက်ပြေးလွတ်မြောက်ပြီး ငါးဦး သေဆုံးခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရိုဟစ်ကူးမားက သတင်းထောက်များကိုပြောကြားသည်။
သေဆုံးသူများ၏ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် သေဆုံးသူအားလုံးသည် ယင်းခရိုင်ရှိ ကျေးရွာတစ်ခုထဲမှ ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါမတော်တဆမှုဖြစ်ပွားရာနေရာသည် ရိုလ်ပါခရီုင်၏အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀ အကွာခန့်တွင် တည်ရှိပြီး ရဲတပ်ဖွဲ့များက ယင်းမတော်တဆမှုနှင့်ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို