ခတ္တမန္ဒူ မတ် ၂၆
နီပေါနိုင်ငံ၏ အောက်လွှတ်တော် သက်တမ်းသစ်အတွက် ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ဆင်ဂါဒါဘာ အုပ်ချုပ်ရေး စုပေါင်းရုံးအတွင်း မတ် ၂၆ ရက် တွင် ကျမ်းသစ္စာကျိန်ဆိုကြသည်။
အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် နီပေါကွန်ဂရက်ပါတီမှ ဝါရင့်လွှတ်တော်အမတ် အာဂျွန်နာ ဆင်းဂ်ကေစီ ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်များကို ကျမ်းသစ္စာကျိန်ဆိုပေးခဲ့ခြင်းဖြစ်သည်။ ၎င်းကိုယ်တိုင်မှာမူ မတ် ၂၅ ရက်ကတည်းက နီပေါသမ္မတ ရမ်ချန်ဒရာပူဒယ်ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဖြစ်သည်။
ယခုအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ထူးခြားချက်အနေဖြင့် လွှတ်တော်အမတ် စုစုပေါင်း ၆၃ ဦးသည် နီပေါရုံးသုံးဘာသာစကားကို အသုံးမပြုဘဲ ၎င်းတို့၏ မိခင်ဘာသာစကားများဖြင့် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။ ပြီးခဲ့သည့် မတ် ၅ ရက်က ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ခြောက်ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့က အောက်လွှတ်တော်အမတ်နေရာများကို အသီးသီးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အဖွဲ့ဝင် ၂၇၅ ဦးပါဝင်သော နီပေါလွှတ်တော်တွင် ရက်စ်ထရီရာ ဆွာတန်ထရာပါတီသည် အမတ်နေရာ ၁၈၂ နေရာဖြင့် အင်အားအကြီးဆုံးပါတီအဖြစ် ထွက်ပေါ်လာခဲ့သည်။ ယခုကျင်းပပြီးစီးခဲ့သည့် ကျမ်းသစ္စာကျိန်ဆိုပွဲသည် နီပေါနိုင်ငံ၏ ပါလီမန်သက်တမ်းသစ်ကို တရားဝင်စတင်လိုက်ခြင်းလည်းဖြစ်သည်။
ဆင်ဟွာ


