နီပေါနိုင်ငံ၌ ခရီးသည်တင်လေယာဉ်တစ်စင်း  ပျက်ကျ၊ အနည်းဆုံး ၆၇ ဦး သေဆုံး

 

ခတ္တမန္ဒူ၊ ဇန်နဝါရီ ၁၅

 

နီပေါနိုင်ငံအလယ်ပိုင်း ပေါ့ဟာရာဒေသတွင် ခရီးသည် ၇၂ ဦး လိုက်ပါစီးနင်းသည့် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ရာ အနည်းဆုံး ၆၇ ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ဆိုသည်။

 

နီပေါတပ်မတော်သားများနှင့် ရဲအရာရှိများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ကာဆာကီခရိုင် အုပ်ချုပ်ရေးမှူး တက်ဘာဟာဒါ က ပြောကြားသည်။

 

Yeti လေကြောင်းလိုင်းမှ ATR-72 လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် မြို့တော်ခတ္တမန္ဒူမှ ပေါ့ဟာရာဒေသသို့ ထွက်ခွာလာခဲ့ပြီး ၁၀ နာရီ မိနစ် ၅၀ တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း နီပေါမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အေဂျင်စီ၏အဆိုအရ ခရီးသည် ၆၈ ဦးနှင့် လေယာဉ်အမှုထမ်း လေးဦးတို့ လိုက်ပါလာခဲ့ပြီး ယင်းတို့အနက် အိန္ဒိယလူမျိုး ငါးဦး၊ ရုရှားနိုင်ငံသား လေးဦး၊ ကိုရီးယားနိုင်ငံသား နှစ်ဦးနှင့် သြစတြေးလျ၊ အိုင်ယာလန်၊ အာဂျင်တီးနားနှင့် ပြင်သစ်နိုင်ငံတို့မှ တစ်ဦးစီအပါအဝင် နိုင်ငံခြားသား ၁၅ ဦးပါဝင်ကြောင်း သိရသည်။

 

အဆိုပါ လေယာဉ်သည် ဆာတီမြစ်ကမ်းစပ်အနီးတွင် ပျက်ကျခဲ့ပြီး ခရီးသည်သုံးဦးကို အသက်ရှင်လျက် တွေ့ရှိသည့်အတွက် ဒေသဆိုင်ရာဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 

နီပေါအစိုးရက လေယာဉ်ပျံပျက်ကျမှုကြောင့် ဇန်နဝါရီ ၁၆ ရက်ကို ဝမ်းနည်းကြေကွဲမှုအဖြစ် ရုံးပိတ်ရက်သတ်မှတ်ရန် ကြေညာထားသည်။ လေယာဉ်ပျက်ကျသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်ငါးဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြောင်း စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး Abdul Khan က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

 

အစိုးရအဖွဲ့မှ လေကြောင်းလိုင်းများအား ၎င်းတို့၏ လေယာဉ်များကို ပုံမှန်စစ်ဆေးရန်နှင့် မဖြစ်မနေ စစ်ဆေးရန်လည်း ညွှန်ကြားထားကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အောင်ကျော်ကျော်