ခတ္တမန္ဒူ  အောက်တိုဘာ ၂၃

နီပေါနိုင်ငံ၌   ကြယ်လေးပွင့်နှင့်အထက်   ဟိုတယ်များတွင်   ပလတ်စတစ်ပုလင်းများကို အသုံး မပြုရန် တားမြစ်လိုက်ကြောင်း အရာရှိတစ်ဦးက အောက်တိုဘာ ၂၃  ရက်တွင် ပြောကြား လိုက်သည်။

အဆိုပါ  တားမြစ်ချက်သည် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့်၊  ကြယ်ငါးပွင့် အဆင့်မြင့်ဇိမ်ခံနှင့် အဆင့်မြင့်  ဇိမ်ခံဟိုတယ်များနှင့် အပန်းဖြေစခန်းများအားလုံးအတွက် အကျုံးဝင်သည်ဟု  ခရီး သွားလာရေးဌာန     ညွှန်ကြားရေးမှူးချုပ် နာရာရန်ပရာ  ဆက်ရက်(ဂ်)မီက ပြောကြားခဲ့သည်။

အဆင့်မြင့်ဟိုတယ်များနှင့် အပန်းဖြေစခန်းများတွင်  ရေကို ပလတ်စတစ်ပုလင်းများဖြင့် ဆက်လက်   အသုံးမပြုတော့ရန်နှင့်   ဖန်ပုလင်းနှင့် သတ္တုအသုံး အဆောင်ပစ္စည်းများဖြင့်သာ အသုံးပြုရန်    ခရီး သွားလာရေးဌာနက  အောက်တိုဘာ ၂၂ ရက်က ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးအန္တရာယ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှု များကို  ထည့်သွင်းစဉ်းစားပြီး အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ရက်(ဂ်)မီ က   ဆင်ဟွာသို့   ပြောကြားလိုက်သည်။

ခရီးသွားလာရေးဌာနသည် သက်ဆိုင်သူများနှင့် ညှိနှိုင်းပြီးနောက် လာမည့်ရက်များအတွင်း အခြား ဟိုတယ်များနှင့် အပန်းဖြေစခန်းများအထိ အဆိုပါတားမြစ်ချက်ကို တိုးမြှင့်ရန်စီစဉ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

နီပေါဟိုတယ်အဖွဲ့အစည်းက ၂၀၂၅  ဇန်နဝါရီ ၁ ရက်မှစပြီး အဖွဲ့ဝင် ဟိုတယ်၊ အပန်းဖြေစခန်းနှင့် တည်းခိုရိပ်သာများအားလုံး စွန့်ပစ်ပလတ်စတစ်ပုလင်းများ၊ ပလတ်စတစ်ပိုက်စုပ်တံများ၊ ပလတ်စတစ်ပန်းကန်များ၊ ဘီးများ၊ သွားတိုက်တံများအပါအဝင် အခြားအမျိုးအစားများကို အသုံး မပြုရန် တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇွန်လက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆင်ဟွာ